Apple ဟာ လာမယ့်ဇွန်လအတွင်းမှာ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ Worldwide Developer Conference (WWDC) 2023 Event ကို ပြုလုပ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ အခုလည်း အဆိုပါ WWDC Event မှာ MacBook Air အသစ် ၂ မျိုးကို မိတ်ဆက်ဖို့စီစဥ်ထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါပြီ။

အဆိုပါ သတင်းကို Bloomberg မှ Mark Gurman က ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ 13-inch MacBook Air အသစ်အပြင် 15-inch MacBook Air အသစ်ကိုပါ လာမယ့် လပိုင်းအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ MacBook Air အသစ်တွေမှာ အသုံးပြုလာမယ့် Chipset ကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိဘဲ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရ MacBook Air အသစ်တွေဟာ 3nm ကို အခြေခံထားတဲ့ M3 Chipset အသစ်ကို အသုံးပြုလာမယ်လို့ သိရပြီး စွမ်းဆောင်ရည်ပိုင်းနဲ့ ပါဝါစားသုံးမှုပိုင်းမှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းက M2 MacBook Air 13.6″ ကို မိတ်ဆက်ခဲ့ပြီး ဒီဇိုင်းပိုင်းကိုပါ အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒါကြောင့် အခု MacBook အသစ်တွေဟာ 15-inch Screen Size Version ပါဝင်လာကလွဲပြီး ဒီဇိုင်းပိုင်းမှာ ကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

ယခုနှစ်အတွင်းမှာ MacBook Air အသစ်တွေအပြင် iMac အသစ်ကိုလည်း မိတ်ဆက်သွားဖို့ စီစဥ်ထားပြီး ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Ref – Mac Rumors