Huawei ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ အချိန်တိုအတွင်းမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံး ၁၀ နေရာထဲကို ရောက်လာတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ Honor ဟာ မကြာခင်မှာပဲ Mid-range စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာဖွယ်ရှိနေတာကို တွေ့ရပါတယ်။

TENAA မှာတွေ့မြင်ရတာကတော့ မော်ဒယ်နံပါတ် AKA-AL10 နဲ့ ဟန်းဆက်တစ်ခုဖြစ်ပါတယ်။ မော်ဒယ်နံပါတ်နဲ့အတူ ဟန်းဆက်ရဲ့ အဓိကအချက်အလက် အချို့ကိုလည်း တွေ့မြင်ရပါတယ်။ Honor စမတ်ဖုန်းသစ်ဟာ 6.39-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး 1560×720 resolution နဲ့ ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

ဒီဟန်းဆက်ရဲ့ ပုံကိုတော့မတွေ့မြင်ရပေမယ့် Resolution အရ မကြာသေးခင်ကကြေညာခဲ့တဲ့ Huawei P40 Lite E လိုပဲ Punch-hole မျက်နှာပြင်နဲ့ ဖြစ်ဖွယ်ရှိတယ်လို့ Gizmochina က သုံးသပ်ခန့်မှန်းထားပါတယ်။ 2.0GHz octa-core processor အသုံးပြုထားတာကြောင့် Kirin 710 ဒါမှမဟုတ် Kirin 810 မဟုတ်ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ အနီးစပ်ဆုံးခန့်မှန်းရတာကတော့ MediaTek Helio P22 ပါပဲ။

Honor ဖုန်းဟာ 4/6GB of RAM နဲ့ 64/128GB storage ဆိုပြီး အမျိုးအစားတွေ ခွဲခြားထားတယ်လို့ သိရပါတယ်။ MicroSD နဲ့ 512GB အထိ တိုးချဲ့လို့လည်း ရပါဦးမယ်။ ကျောဘက်မှာ 48MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ပါဝင်မယ်လို့သိရပြီး Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 3,900mAh လို့ သိရပါတယ်။

Ref: Gizmochina