Huawei ဟာ ကုန်သွယ်ရေးစစ်နောက်ပိုင်း အကျပ်အတည်းမှာ သူ့ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကို ရောင်းချလိုက်ရပါတယ်။ ပိုင်ရှင်သစ်ဆီ လက်လွှဲရောက်ရှိသွားတဲ့ ဒီအမှတ်တံဆိပ်ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုခေါင်းစဉ်အောက်ကနေလည်း ကင်းလွတ်သွားပြီဖြစ်ပါတယ်။

အမှီအခိုကင်းတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် စတင်ချိန်မှာ Honor ဟာ V40 5G ကို ကြေညာခဲ့ပါတယ်။ ဒီကြေညာမှုနောက်မှာတော့ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ George Zhao က ကုမ္ပဏီဟာ အဓိက Chip Supplier တွေဖြစ်ကြတဲ့ MediaTek, Qualcomm တို့နဲ့ စီးပွားဖက်အဖြစ် လက်တွဲထားကြောင်း လက်မှတ်ရေးထိုးမှု ပြုလုပ်နိုင်ခဲ့ပြီလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် Honor ဟာ AMD, Intel, Micron, Microsoft, Samsung, SK Hynix, နဲ့ Sony အစရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေနဲ့လည်း သဘောတူညီမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ Reuters သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ငါးလတာအချိန်ကာလဟာ Honor အတွက် အလွန်ခက်ခဲခဲ့ပေမယ့်၊ အဓိပ္ပါယ်ပြည့်ဝတဲ့ အချိန်တွေဖြစ်ခဲ့ကြောင်း” Zhao က ဆိုပါတယ်။

Huawei ရဲ့ လောင်းရိပ်အောက်ကနေ ထွက်ခွာလာတဲ့အတွက် Honor အနေနဲ့ မိတ်ဆက်ကုမ္ပဏီတွေနဲ့ စားသုံးသူတွေဆီကနေ စိတ်ဝင်စားမှုနဲ့၊ မျှော်လင့်ချက်တွေလည်း ရရှိလာတယ်လို့ ခံစားရကြောင်းပြောပါတယ်။ ကုမ္ပဏီရဲ့ စွန့်စားမှုအသစ်ဟာ Middle နဲ့ High-tier ဈေးကွက်ဆီရွှေ့ပြောင်းနိုင်ဖို့ ပစ်မှတ်ထားသလို၊ သူ့တို့ရဲ့ ပြည်ပဈေးကွက်ကိုလည်း ထပ်ပြီးတိုးချဲ့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် Honor ဟာ Huawei ရဲ့ နည်းစနစ်နဲ့ မဟာဗျူဟာတွေကို အသုံးချတယ်ဆိုပေမယ့်၊ သူ့နည်းသူ့ဟန်နဲ့ ရှေ့ဆက်သွားမယ့်ပုံစံပဲ ဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ Honor အနေနဲ့ Huawei ရဲ့ထုတ်ကုန်တွေနဲ့ အရည်အသွေးတူညီတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်။

Honor ဟာ Shenzhen မှာ အခြေစိုက်မှာဖြစ်ပြီး၊ ဝန်ထမ်းအင်အား ၈ ထောင်ကိုလည်း ရုံးချုပ်အဆောက်အအုံသစ်ဆီ ရွှေ့ပြောင်းစေပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena