Honor ဟာ Watch ES ကို IFA 2020 မှာ စပြီး မိတ်ဆက်ခဲ့တာပါ။ ရည်ရွယ်ချက်က Huawei Watch Fit ရဲ့ မူကွဲအဖြစ် ဥရောပဈေးကွက်အတွက် ဖြန့်ချိဖို့လည်း ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိခဲ့ပြီးဖြစ်တဲ့ ဒီ Wearable ဟာ အခုအချိန်မှာတော့ အိန္ဒိယဈေးကွက်ထဲကို စတင်ဖြန့်ကျက်တော့မှာပါ။

စာနယ်ဇင်းမှာဖော်ပြချက်အရ ဒီစမတ်နာရီဟာ Amazon India အတွက် သီးသန့်ဖြစ်တယ်လို့တွေ့ရပေမယ့်၊ ဖြန့်ချိမယ့်ရက်ကိုတော့ မသိရသေးပါဘူး။ အခြားတစ်ဖက်မှာတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ Honor Choice True Wireless Earbuds နဲ့ Honor Watch GS Pro (Flipkart သီးသန့်) ကို နိုင်ငံတွင်းဈေးကွက်ထဲမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Honor Watch ES ဟာ ဖက်ရှင်ကျကျဝတ်စားဆင်ယင်သူတွေနဲ့လိုက်ဖက်အောင် ဒီဇိုင်းပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ Wearable အများစုက စတုရန်းပုံစံဒီဇိုင်းနဲ့ဖြစ်ပေမယ့် Honor Watch ES ကတော့ ခပ်ရှည်ရှည် စတုဂံပုံစံဖြစ်ပါတယ်။ ဒီလိုပုံစံကြောင့် Huawei Watch Fit နဲ့ဆင်တူတာလို့လည်း ဆိုရတာပါ။

တစ်ခုတည်းသောခြားနားချက်ကတော့ Honor ဗားရှင်းမှာ GPS မပါဝင်ပေမယ့် Accented button ပါဝင်နေတာပါ။ Workout mode တွေမှာတော့ Huawei Watch Fit က ၈၆ မျိုးပဲပါဝင်ပေမယ့် Honor Watch ES က ၉၅ မျိုး ပါဝင်တယ်လို့ သိရပါတယ်။ ဒီအချက်တွေကလွဲရင်၊ ဒီစမတ်နာရီနှစ်မျိုးလုံးဟာ ဆင်တူတဲ့ သွင်ပြင်လက္ခဏာတွေနဲ့လို့ ဆိုရပါလိမ့်မယ်။

ဒါကြောင့် Honor Watch ES ကလည်း 1.64-inch AMOLED မျက်နှာပြင်မှာ 456 x 28 pixels 326ppi ကိုထောက်ပံ့ထားပြီး Screen-to-body ratio ကလည်း ၇၀% ပဲ ဖြစ်ပါတယ်။ HiSilicon Kirin A1 chipset နဲ့ဖြစ်ပြီး LiteOS မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ နှလုံးခံနှုန်းအာရုံခံကိရိယာ၊ SpO2 sensor, accelerometer, gyroscope နဲ့ ambient light sensor တွေလည်းပါဝင်ပါတယ်။

Honor Watch ES ကို Meteorite Black, Coral Pink, Icelandic White စတဲ့ အရောင်သုံးမျိုးနဲ့ရရှိနိုင်ပြီး ဈေးနှုန်းကတော့ ၉၉.၉၉ ယူရို (၁ သိန်း ၅ သောင်း ၃ ထောင်ဝန်းကျင်) ဖြစ်ပါတယ်။

Ref: Gizmochina