Honor ကုမ္ပဏီဟာ ပြည်တွင်းမှာ X10 စမတ်ဖုန်းစီးရီးကို အားဖြည့်ဖို့အတွက် အဖွဲ့ဝင်အသစ် Honor X10 Max နဲ့ X10 Pro တို့ကို ထပ်မံမိတ်ဆက်လာဦးမှာပါ။ ဒါပေမယ့် ထုတ်လုပ်မှုအတွက် Supply အခက်အခဲကြောင့် ဖုန်းနှစ်ခုလုံးကို တပြိုင်တည်း ဈေးကွက်ထဲ ပို့လာနိုင်မှာတော့ မဟုတ်ဘူးလို့ သတင်းထွက်လာခဲ့ပါတယ်။

Honor X10 Max ဟာ အစကတော့ Dimensity 1000+ ချစ်ပ်ဆက်အသစ်နဲ့ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် ချစ်ပ်ဆက်လုံလောက်အောင် မထုတ်လုပ်နိုင်တာကြောင့် နောက်ဆုံး Dimensity 800 ပလက်ဖောင်းကိုပဲ ရွေးချယ်လိုက်ရတယ်လို့လည်း သတင်းထွက်လာပါတယ်။

နောက်ထပ် Leak သတင်းတစ်ခုကတော့ စမတ်ဖုန်းသစ်နှစ်လုံးရဲ့ Screen အရွယ်အစား ကွာခြားချက်ဖြစ်ပြီး Honor X10 Max ဟာ 7.09” Display ကို အသုံးပြုလာမှာဖြစ်တာကြောင့် အကြီးဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Honor X10 Pro ကတော့ သူ့ထက်စာရင် ပုံမှန်အရွယ်အစားလို့ ဆိုနိုင်ပေမယ့် သူကလည်း 6.63” Full HD+ Display နဲ့မို့ ဈေးကွက်ထဲက ပုံမှန်အရွယ်ထက်တော့ ကြီးနေမှာ အမှန်ပါပဲ။ ထွက်ရှိရက်အတိအကျမသိရသေးပေမယ့် သိပ်မကြာခင်မှာ မြင်တွေ့ရမယ်လို့လည်း သတင်းတွေက ဆိုနေပါတယ်။

Ref – GSMArena