Honor ကုမ္ပဏီဟာ Huawei ရဲ့ လက်အောက်ကနေ ခွဲထွက်ပြီးနောက်ပိုင်းမှာ Global စျေးကွက်အတွင်းမှာ ဆက်တိုက်စမတ်ဖုန်းအသစ်တွေ မိတ်ဆက်ပြီး နေရာတစ်ခုကို ရရှိအောင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရုတ်နိုင်ငံ Shenzhen မြို့မှာမှာတည်ရှိတဲ့ Honor ကုမ္ပဏီရဲ့ R&D Center မှာပြုလုပ်ခဲ့တဲ့ Honor Event မှာ CEO က စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။

Honor CEO အဖြစ်တာဝန်ယူထားတဲ့ Zhao Ming ရဲ့ ပြောကြားချက်အရ Honor ဟာ Apple iOS ကို ယှဥ်နိုင်ပြီး ပိုကောင်းမွန်တဲ့ Ecosystem တစ်ခုကို MagicOS ကို အခြေခံပြီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ Apple စမတ်ဖုန်းတွေဟာ Honor Magic5 အပြင် တခြားသော Android Flagship ဖုန်းတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Hardware ပိုင်း ပိုနိမ့်သလို ဒီဇိုင်းပိုင်း၊ Battery Life ပိုင်းမှာပါ အားနည်းပေမယ့် အသုံးပြုသူတွေက iOS နဲ့ Apple ရဲ့ Ecosystem ကြောင့်သာ Apple ကို ဆက်လက်အသုံးပြုနေတာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Honor ဟာ အခုလို Apple နဲ့ ယှဥ်ပြိုင်ဖို့အတွက် ကုမ္ပဏီဝင်ငွေအကုန်လုံးရဲ့ ၁၀ ရာခိုင်နှုန်းကို Research & Development (R&D)အတွက် အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Honor ရဲ့ MagicOS Operating System အပြင် တခြားသော စမတ်ဖုန်းတွေအတွက် တိုးတက်မှုတွေကို မြင်တွေ့ရလာနိုင်ပါတယ်။

ဒါပေမယ့် Apple ရဲ့ iOS အပြင် Ecosystem ကို ယှဥ်ပြိုင်ဖို့အတွက်ကတော့ Honor အနေနဲ့ အများကြီးဆောင်ရွက်ရဦးမှာဖြစ်ပြီး စမတ်ဖုန်းတွေအပြင် တခြားသော Ecosystem အတွက် လိုအပ်တဲ့ Product အသစ်တွေကိုပါ ထပ်မံမိတ်ဆက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – GSM Arena