Android ဖုန်းအသုံးပြုသူအတော်များများက တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ Google Maps ကို ဖွင့်ပြီးအသုံးပြုခဲ့ကြဖူးပါလိမ့်မယ်။ သုံးစွဲသူက Google Maps မှာ ရှာဖွေလိုက်တဲ့နေရာကို သိမ်းဆည်းထားလေ့မရှိတာများပေမဲ့ Google Maps ကတော့ မှတ်သားသိမ်းဆည်းထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Google Maps ထဲကို ဝင်ကြည့်မယ်ဆိုရင် ရှာဖွေထားတဲ့ နေရာတွေ၊ လေ့လာထားတဲ့နေရာတွေကို ပြန်ပြီးတော့ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စာဖတ်သူက စားသောက်ဆိုင်တစ်ဆိုင်ကို Google Maps မှာရှာဖွေထားတယ်ဆိုပါစို့။ နောက်တစ်ကြိမ် Maps ကို ပြန်ဖွင့်ပြီး History ထဲဝင်ကြည့်လိုက်ရင် ဒီရှာဖွေမှုကို ပြန်ပြီးတွေ့နိုင်မှာ။

အကယ်၍ စာဖတ်သူက ဒီလိုမျိုး History ကျန်နေခဲ့တာကို မလိုချင်ဘူးဆိုရင်တော့ Google Maps က Search history ကို ဖျက်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ စာဖတ်သူ ဘယ်တွေကိုသွားခဲ့တယ်၊ ဘယ်နေရာတွေကိုရှာဖွေခဲ့တယ်ဆိုတာကို Google Maps ကတစ်ဆင့် နောက်ကြောင်းလိုက်လို့မရတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

Google Maps ရဲ့ Search history ကို ဖျက်ဖို့က လွယ်ကူပါတယ်။ ဒါကိုလုပ်ဖို့ အရင်ဦးဆုံး Google Maps app ကိုဖွင့်ပြီး ဝင်လိုက်ဖို့လိုအပ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ Menu ကို နှိပ်ပြီး Settings ကို ရွေးပါ။ ပြီးရင် Map History ကို ဝင်ရမှာဖြစ်ပါတယ်။ Map History ထဲမှာတော့ စာဖတ်သူ ရှာဖွေထားတဲ့ နေရာတွေအကုန်လုံးနီးပါးကို တွေ့ရှိနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် Details ကိုဖွင့်ပြီး အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုနိုင်ပါသေးတယ်။

Map History ထဲက တစ်နေရာရာကို ဖျက်ချင်တယ်ဆိုရင် Select လုပ်လိုက်ပါ။ ဒါဆိုရင် Menu တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီမှာ Delete ကိုနှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

Google Maps ရဲ့ Search history ကို အလိုအလျောက်ဖျက်ပစ်ဖို့ ရွေးချယ်နိုင်ပါသေးတယ်။ ဒီလိုလုပ်ဖို့ Google Maps ထဲက Menu ကိုဖွင့်ပြီး Settings ကို ရွေးချယ်ရမှာပါ။ ပြီးရင်တော့ Map History ကို သွားရပါမယ်။ ညာဘက်အပေါ်ထောင့်က Menu ကိုနှိပ်ပြီး Delete automatically ကို ရွေးချယ်ထားလို့ရပါတယ်။ သုံးလ၊ ၁၈ လ အကြာမှာ အလိုအလျောက် ပျက်သွားစေဖို့ ရွေးချယ်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။

Ref: Google