HTC ဟာ အခုဆိုရင် စမတ်ဖုန်းလောကမှာ စမတ်ဖုန်းအသစ်တွေအများအပြား မိတ်ဆက်နိုင်ခြင်းမရှိတော့သလို စျေးကွက်ပိုင်ဆိုင်မှုမှာလည်း တဖြည်းဖြည်းလျော့နည်းသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ HTC ရဲ့ CEO ဟာ လာမယ့် ၂၀၂၅ ခုနှစ်မတိုင်ခင် ကုမ္ပဏီကို အမြတ်ဝင်ငွေပြန်လည်ရရှိအောင် ဆောင်ရွက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အခုလည်း HTC ကနေ Foldable စမတ်ဖုန်းထုတ်လုပ်ဖို့အတွက် ရယူခဲ့တဲ့ မူပိုင်ခွင့်တစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါ မူပိုင်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက WIPO (World Intellectual Property Office) ဆီမှာ ရယူထားခဲ့တာဖြစ်ပြီး အခုမှတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မူပိုင်ခွင့်အရတော့ HTC ရဲ့ Foldable ဖုန်းဟာ Samsung Galaxy Z Flip လိုမျိုး ခေါက်ချိုးနိုင်တဲ့ Design ကိုအခြေခံထားပေမယ့် Display ကို အတွင်းဘက်အစား အပြင်ဘက်ကို ခေါက်ချိုးရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ခေါက်ချိုးလိုက်တဲ့အချိန်မှာ Screen Display အသေး ၂ ခုကို အရှေ့ရော၊ အနောက်ဖက်မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

HTC ကနေ မူပိုင်ခွင့်ရယူထားတဲ့အထဲမှာ Hinge Design လည်းပါဝင်ခဲ့ပြီး Huawei Mate X Foldable ဖုန်းလိုမျိုး Display ကို အပြင်ဘက်ခေါက်ချိုးထားတဲ့ Hinge Design နဲ့ ကွာခြားတာကိုတွေ့ရပါတယ်။ Display က အပြင်ဘက်ကို ခေါက်ချိုးတဲ့အတွက် Galaxy Z Flip လိုမျိုးဖုန်းတွေနဲ့ ယှဥ်ရင် ထိခိုက်နိုင်ခြေလည်း ပိုပြီးမြင့်မားမယ့်ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် HTC ကနေ Foldable စမတ်ဖုန်းအတွက် မူပိုင်ခွင့်ရယူထားတယ်ဆိုပေမယ့် လောလောဆယ်မှာတော့ တရားဝင်မိတ်ဆက်သွားနိုင်ခြေမရှိသေးဘူးလို့ ပြောရမှာပါ။

Ref – Gizmo China