Huawei အနေနဲ့ Mate 40 တွေကို ဘယ်အချိန် ထုတ်ပြလာမလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ Mate 40 ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ Concept render ဓာတ်ပုံတွေ ထွက်ပေါ်လာပါပြီ။ P40 ပြီးတဲ့နောက်၊ Huawei ရဲ့ အဓိက Flagship မော်ဒယ်ဟာ Mate 40 သာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ပေါ်ထွက်လာတဲ့ Concept render အရ Mate 40 ရဲ့ဒီဇိုင်းဟာ Xiaomi Alpha ထက်ပိုပြီး ကောင်းမွန်မယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ Mate 40 ကို ဖောက်ထွင်းမြင်နိုင်တဲ့ဖန်သား (Transparent glass) နဲ့ ဖန်တီးထားတာကြောင့်ဖြစ်ပါတယ်။ Concept render ဆိုပေမယ့် အနာဂတ်မှာ ဒီလိုမျိုး ဟိုဘက်ဒီဘက်ဖောက်ထွင်းမြင်နိုင်တဲ့ စမတ်ဖုန်းတွေ အမှန်တကယ် ပေါ်လာနိုင်ပါတယ်။

Mi 8 Explorer Edition တုန်းကလည်း ဖောက်ထွင်းမြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်နဲ့ ထွက်လာပြီး လူကြိုက်များခဲ့ပါသေးတယ်။ Sony Ericsson Xperia Pureness ဆိုရင်လည်း ဖောက်ထွင်းမြင်နိုင်တဲ့မျက်နှာပြင်ဒီဇိုင်း တီထွင်နိုင်စွမ်းကို ပြသထားတာပါ။ Lenovo S800 ကလည်း အလားတူဒီဇိုင်းအယူအဆနဲ့ဖြစ်ပေမယ့် ဒီနှစ်မျိုးက ကီးပတ်နဲ့တွဲထားတာကြောင့် ဈေးကွက်တစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့အခြေအနေအထိ မရောက်ခဲ့ကြပါဘူး။

မျက်နှာပြင်ကျယ်ကျယ်နဲ့ စမတ်ဖုန်းတစ်လုံးကို ဖောက်ထွင်းမြင်နိုင်တဲ့ကိုယ်ထည်၊ ဒါမှမဟုတ် မျက်နှာပြင်တစ်ခုတည်းနဲ့ တည်ဆောက်ဖို့ဟာ မလွယ်ကူမှန်း ထုတ်လုပ်သူတွေရော၊ သုံးစွဲသူတွေပါ လက်ခံထားကြမယ်ထင်ပါတယ်။ ဒါပေမယ့် တိုးတက်နေတဲ့ နည်းပညာလောကကြီးမှာ မဖြစ်နိုင်ဘူးလို့ တစ်ချိန်ကတွေးထားကြတဲ့အရာတွေဟာ အမှန်တကယ်ဖြစ်လာတဲ့သာဓကတွေလည်း ရှိနေတာကြောင့် Huawei ရဲ့ Mate 40 Transparent ဆိုတာလည်း တကယ်ဖြစ်လာနိုင်ပါတယ်။

Ref: Gizmochina