Huawei Mate 40 Series စမတ်ဖုန်းတွေကို လာမယ့်အောက်တိုဘာလဝန်းကျင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေဟာ ယခုနှစ်အတွက် Huawei ရဲ့ အကောင်းဆုံး Flagship ဖုန်းတွေဖြစ်လာမယ် ဆိုပေမယ့် လောလောဆယ်မှာတော့ သတင်းဆိုးတစ်ခုနဲ့ ကြုံတွေ့ရမယ့်ပုံစံပါပဲ။

ဒါကတော့ Huawei ကနေ Mate 40 Series ဖုန်းတွေအတွက် တရုတ်နိုင်ငံအတွင်းမှာပဲ Kirin Chipset တွေကို အသုံးပြုလာမှာဖြစ်ပြီး International စျေးကွက်မှာတော့ အသုံးပြုလာမှာမဟုတ်ဘူးဆိုပြီး သတင်းတွေထွက်ရှိလာတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ Huawei ကနေ Samsung လိုမျိုးပဲ ရောင်းချတဲ့စျေးကွက်ပေါ်မှုတည်ပြီးတော့ Chipset အမျိုးအစား ၂ မျိုးမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ယခုသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ “@RODENT950” ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Huawei Mate 40 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် 5nm Architecture ကိုအခြေခံထားတဲ့ Kirin 1000 Chipset ဟာ တရုတ်နိုင်ငံအတွက်ပဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Kirin 1000 Chipset တွေကလောလောဆယ်မှာ အရေအတွက် ၈ သန်းလောက်ပဲထုတ်လုပ်ထားတာဖြစ်ပြီး Mate 40 Series ဖုန်းတွေက ယခုနှစ်မှာတင် အလုံးရေ ၁၀ သန်းလောက်အထိရောင်းချဖို့ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Huawei အနေနဲ့ Mate 40 Series ဖုန်းတွေက International စျေးကွက်အတွက် ဘယ် Chipset ကို အသုံးပြုလာမလဲဆိုတာကို မသိရှိရသေးပါဘူး။ အဖြစ်နိုင်ဆုံးကတော့ MediaTek ရဲ့ Flagship Chipset တွေကိုပဲ အသုံးပြုလာနိုင်ပြီးတော့ လက်ရှိ US အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Qualcomm Snapdragon Chipset တွေ ဝယ်ဖို့ကတော့ ခက်ခဲဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ Mate 40 Series ဖုန်းတွေမှာ China စျေးကွက်အတွက် Kirin 1000 Chipset နဲ့ International စျေးကွက်မှာ MediaTek Chipset အသုံးပြုလာမယ်ဆိုရင် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာပါ။

Ref – Gizmo China