Huawei ကနေအခုအချိန်မှာ Foldable ဖုန်း ၂ မျိုးကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကတော့ Huawei Mate X ဖုန်းနဲ့ Mate Xs ဖုန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်း ၂ မျိုးစလုံးဟာ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ Display ထည့်သွင်းထားတာဖြစ်ပြီး ဒီဇိုင်းပိုင်းအရလည်း ဆင်တူတယ်လို့ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ နောက်ထပ် Foldable စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate X2 ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပြီး Display နဲ့ သက်ဆိုင်တဲ့ သတင်းတစ်ခုကပေါက်ကြားလာခဲ့ပါပြီ။ ဒါကတော့ Huawei Mate X2 ဖုန်းဟာ အတွင်းဘက်ကို ခေါက်ချိုးမယ့် Display ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ DisplaySearch နဲ့ DSCC တို့ရဲ့ Founder နဲ့ Lead Analyst တစ်ဦးဖြစ်တဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ Huawei Mate X2 မှာ အသုံးပြုလာမယ့် Display ကို Samsung နဲ့ BOE ကုမ္ပဏီတွေကလည်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိ Samsung Galaxy Z Flip ၊ Z Flip 5G နဲ့ Z Fold 2 5G ဖုန်းတွေလိုမျိုးတေ့ာ Ultra Thin Glass (UTG) ကိုတော့ အသုံးပြုလာမှာမဟုတ်ဘဲ ယခင် Huawei Mate X ဖုန်းတွေလိုမျိုးပဲ CPI နည်းပညာကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei Mate X2 ဖုန်းဟာ အကြမ်းခံနိုင်စွမ်းမှာတော့ Samsung Galaxy Z Fold 2 5G လိုမျိုးဖုန်းတွေနဲ့ ယှဥ်ရင်တော့ အားနည်းနေမှာဖြစ်ပါတယ်။

Huawei ဟာ အခုလိုမျိုးအတွင်းဘက်ကို ခေါက်ချိုးနိုင်တဲ့ Display နဲ့ Foldable ဖုန်းကို ပြီးခဲ့တဲ့ဇန်နဝါရီလထဲက မိတ်ဆက်ဖို့ European Union Intellectual Property Office (EUIPO) ကို မူပိုင်ခွင့်ရယူထားပါသေးတယ်။ အဆိုပါ မူပိုင်ခွင့်အရတော့ Mate X2 ဖုန်းမှာ Stylus နဲ့ စုစုပေါင်း Camera ၆ လုံးခန့်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate X2 စမတ်ဖုန်းကို လာမယ့်အောက်တိုဘာလအတွင်းမှာ Mate 40 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena