Huawei ဟာ အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံမှာ ကိုယ်ပိုင် Kirin Chipset တွေကို အသုံးပြုထားတဲ့ Mate 60 Series ဖုန်းတွေအတွက် စမတ်ဖုန်းတွေ၊ Smartwatch တွေ၊ Tablet အသစ်တွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း Huawei ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် Laptop အသစ်တစ်လုံးကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Laptop အသစ်ကို Huawei MateBook D 14 SE လို့ နာမည်ပေးထားပြီး ပါးလွှာပေါ့ပါးတဲ့ Laptop တစ်လုံးအနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Performance ပိုင်းမှာလည်း ယခင် Huawei Laptop တွေထက် ပိုမိုကောင်းမွန်ဦးမှာပါ။

ဘာကြောင့်လဲဆိုရင် MateBook D 14 SE Laptop ဟာ Intel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 13th-Generation Intel Core i5 (i5-13420H) Processor ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် 16GB LPDDR5x RAM တပ်ဆင်ထားပြီး Storage အတွက် 512GB SSD ကို ထည့်သွင်းပေးထားပါတယ်။

Display ပိုင်းမှာလည်း 14-inch IPS Display ကို အသုံးပြုထားတဲ့အပြင် Full HD Resolution ၊ 16:10 Aspect Ratio ကိုထောက်ပံ့ထားပါသေးတယ်။ Screen ရဲ့ ဘေးဘောင်တွေက 3.5mm ပဲ အထူရှိမှာဖြစ်ပြီး Screen-to-Body Ratio က 90% အထိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Blue Light ထုတ်လွှတ်မှုကို လျော့ချနိုင်ဖို့ Certification ရရှိထားသလို DC Dimming နည်းပညာလည်း ပါဝင်မှာဖြစ်ပါတယ်။

Huawei ဟာ MateBook D 14 SE Laptop မှာ 56Wh Battery ကို ထည့်သွင်းပေးထားပြီး ရုံးသုံးအနေနဲ့ အသုံးပြုမယ်ဆိုရင် ၆ နာရီအထိ အသုံးခံမယ်လို့ ပြောထားပါတယ်။ ပြန်အားသွင်းဖို့အတွက် 65W Multi-Functional Charger ပါဝင်မှာဖြစ်ပြီး Laptop မှာ USB-C Port ၊ USB 3.2 Gen 1 ၊ HDMI ၊ 3.5mm Audio နဲ့ USB 2.0 Port တွေလည်း ထည့်သွင်းပေးထားပါတယ်။

Huawei MateBook D 14 SE Laptop ဟာ လောလောဆယ် တရုတ်နိုင်ငံအတွင်းမှာ ၃,၉၉၉ ယွမ် (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) နဲ့ ရောင်းချနေပြီး ပေးရတဲ့စျေးနဲ့ တော်တော်လေး တန်တဲ့ Laptop တစ်လုံးလို့ ပြောရမှာပါ။

Ref – Gizmo China