Huawei ကနေ အခုအချိန်မှာ Huawei Mobile Services (HMS) ကိုပဲ အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်လာပြီး မြန်မာနိုင်ငံစျေးကွက်ထဲကိုလည်း Huawei Y7p ၊ Nova 7i စတဲ့ စမတ်ဖုန်းတွေဆက်တိုက်ဝင်ရောက်လာနေတာဖြစ်ပါတယ်။

အခုလည်း Huawei ကနေ Budget Entry စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖို့ရှိနေပြီးတော့ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ အချက်အလက်အချို့ကို စတင်မြင်တွေ့လာရပြီဖြစ်ပါတယ်။ အဆိုပါ Huawei ဖုန်းအသစ်ရဲ့ Model ကိုတော့ MED-AL00 ဆိုပြီး ခေါ်ဆိုသွားမယ်လို့သိရပါတယ်။

Geekbench မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အဆိုပါ Huawei စမတ်ဖုန်းအသစ်ဟာ MediaTek ရဲ့ Helio P35 Chipset ကို အသုံးပြုထားပြီးတော့ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android 10 OS ကို အသုံးပြုထားတဲ့အတွက် Software ပိုင်းမှာတော့ Huawei ရဲ့ နောက်ဆုံးထွက် EMUI 10 နဲ့ မိတ်ဆက်လာမယ့်ပုံစံပါပဲ။

Single-Core နဲ့ Multi-Core Score တွေအရတော့ MediaTek Helio P35 ကိုပဲ အသုံးပြုထားတဲ့အတွက် အရမ်းအားရစရာမကောင်းပေမယ့် Budget ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ရမှာပါ။ ယခင်တုန်းက TENAA ရဲ့ ဖော်ပြချက်တွေအရ အဆိုပါ စမတ်ဖုန်းဟာ 6.3″ ရှိတဲ့ HD+ Display နဲ့အတူ Waterdrop Notch ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့လည်း 5000mAh Battery ထည့်သွင်းလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ ယခုစမတ်ဖုန်းအသစ်ဟာ စျေးကွက်အတွင်းမှာရှိနေတဲ့ realme C3 ၊ Xiaomi Redmi 8 လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်လာဖို့များနေပါတယ်။

Ref – Gizmo China