မတ်လ ၃၀ ရက်နေ့အထိ အိန္ဒိယမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်သူ ၁,၀၇၁ ယောက်နဲ့ သေဆုံးသူ ၂၉ ယောက်ရှိခဲ့ပါတယ်။ အစိုးရက ကူးစက်မှု နည်းပါးအောင် ကြိုးစားနေပေမယ့်လည်း အချိန်တိုအတွင်းမှာ ကူးစက်မှု အရမ်းမြင့်မားသွားမှာကို ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။ အခုတော့ တရုတ် နည်းပညာကုမ္ပဏီ Huawei က ဗိုင်းရက်စ် တိုက်ဖျက်ဖို့ အိန္ဒိယကို နည်းပညာ အကူအညီပေးတော့မှာပါ။

Huawei India ရဲ့ CEO Jay Chen က တရုတ်က အတွေ့အကြုံတွေကို ရယူပြီး အိန္ဒိယမှာ ဗိုင်းရက်စ်တိုက်ဖျက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အဝေးကနေ ကိုယ်အပူချိန်တိုင်းတာတာလိုနည်းပညာ အသစ်တွေကို လေ့လာနေပါတယ်။ သူက တရုတ်မှာလို 5G+ Thermal Imaging ကို သုံးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပြီး အဲဒီနည်းပညာဟာ လမ်းလျှောက်နေတဲ့ လူရဲ့ အပူချိန်ကို အချိန်နဲ့ တစ်ပြေးညီ တိကျစွာ တိုင်းတာပေးနိုင်ပါတယ်။ အပူချိန်မြင့်မားတဲ့ လူတွေ့ရင် အဲဒီလူနဲ့ မထိတွေ့ဖို့ သတိပေးနိုင်ပါတယ်။

Huawei က လူချင်းဆုံဖို့ မလိုတဲ့ အခြေအနေတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ အဝေးကနေ 5G နဲ့ ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးဖို့ ခွင့်တောင်းထားပါတယ်။ ဒါ့အပြင် စောင့်ကြည့် လူနာတွေကို ပြုစုကုသပေးဖို့ 5G Medical Robots နဲ့ 5G Remote Imaging Diagnosis Platforms တွေအတွက် လိုအပ်တဲ့ မြန်နှုန်းမြင့် 5G ကို  Huawei က ပံ့ပိုးပေးနိုင်ပါတယ်။

ကံဆိုးတာက အိန္ဒိယရဲ့ သတင်းအချက်အလက် ဆက်သွယ်ရေးဌာနက ဒီလထဲမှာ 5G စမ်းသပ်ဖို့ မူလက စီစဉ်ထားခဲ့ပြီး အခုတော့ ဗိုင်းရက်စ်ကြောင့် နိုင်ငံအဝန်းမှာ Lockdown လုပ်ထားတဲ့အတွက် အစီအစဉ်တွေ ပျက်သွားခဲ့ရပါပြီ။

Ref : gizmochina