မကြာသေးခင်ကပဲ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကို ရောင်းချခဲ့တဲ့ တရုတ်ဧရာမနည်းပညာကုမ္ပဏီကြီး Huawei ဟာ သူ့ရဲ့အမှတ်တံဆိပ်အောက်က ထုတ်ကုန်လိုင်းအမှတ်တံဆိပ်ဖြစ်တဲ့ P နဲ့ Mate တို့ကို ရောင်းချဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အကယ်၍ ဒီအပြောင်းအလဲဟာ နှစ်ဖက်စလုံးမှာအဆုံးသတ်သွားမယ်ဆိုရင်တော့ Huawei ဟာ High-end segment လုပ်ငန်းကို တဖြည်းဖြည်းစွန့်ခွာနေတယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ Huawei ဟာ စမတ်ဖုန်းသက်သက်ရောင်းတဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ Telecommunications equipment တွေ ထုတ်လုပ်ရောင်းချရာမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင်ဖြစ်ပါတယ်။

အခု သတင်းထွက်ပေါ်လာတဲ့ P နဲ့ Mate အမှတ်တံဆိပ်တွေရောင်းချဖို့ကိစ္စက ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအုပ်စု တစ်ခုအကြားမှာ ဆွေးနွေးနေခဲ့တာ လနဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ဆုံးဖြတ်ချက်ဟာ မကြာခင်အချိန်အတွင်းမှာလည်း ထွက်ပေါ်လာနိုင်တယ်လို့ အတွင်းသတင်းရပ်ကွက်တွေက ဆိုပါတယ်။ ဒီအမှတ်တံဆိပ်ရောင်းချမယ့်ကိစ္စက ပြီးခဲ့တဲ့စက်တင်ဘာကတည်းက စတင်ခဲ့တာဖြစ်ပြီး လုပ်ဆောင်မှုဖြစ်စဉ်ကောင်းတွေရှိနေပေမယ့်လည်း တန်ဖိုးဖြတ်မယ့်ကိန်းဂဏန်းတွေကတော့ အခုထိထွက်မလာသေးဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်ကနေ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကြား တစ်နှစ်တာကာလအတွင်း Mate နဲ့ P စီးရီးမော်ဒယ်တွေတင်ပို့ရောင်းချခြင်းကနေ စုစုပေါင်း ဒေါ်လာ ၃၉.၇ ဘီလီယံအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ Huawei အနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ရသေးတဲ့ အဓိကအကြောင်းရင်း ဖြစ်နေပါတယ်။

နောက်တစ်ချက်က အမေရိကန်အစိုးရအပြောင်းအလဲနောက်ပိုင်း မူဝါဒပိုင်းအပြောင်းအလဲ ဖြစ်လာနိုင်၊ ဖြစ်မလာနိုင်ဆိုတာကိုလည်း ကုမ္ပဏီက စောင့်ဆိုင်းနေပုံရပါတယ်။ ဒါ့အပြင် Huawei ဟာ သူတို့ရဲ့ ကိုယ်ပိုင် High-end Kirin chips တွေကိုထုတ်လုပ်ဖို့လည်း ဆက်ပြီးကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ Huawei က Honor ကို ရောင်းချလိုက်ခြင်းရည်ရွယ်ချက်ဟာ အမှတ်တံဆိပ်ကို ဆက်လက်ရှင်သန်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကြောင့် Mate နဲ့ P အမှတ်တံဆိပ်တွေကို ရောင်းချတယ်ဆိုတာ လုံးဝမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်တဲ့အကြောင်းအရာ ဖြစ်ပါတယ်။

(Update) ဒီသတင်းရေးပြီးသိပ်မကြာခင်မှာပဲ “Huawei ဟာ သူ့ရဲ့ ပရီမီယံအမှတ်တံဆိပ်တွေကို ရောင်းချဖို့ညှိနှိုင်းနေတယ်ဆိုတဲ့ကောလာဟလတွေထွက်နေကြောင်း၊ ကုမ္ပဏီအနေနဲ့ မိုလ်ဘိုင်းဖုန်းလုပ်ငန်းကို ရောင်းချဖို့အစီအစဉ်မရှိဘဲ အဆင့်မြင့်ဖုန်းတွေကို ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း တရုတ်မီဒီယာတွေကို ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။”

Ref: Gizmochina