Huawei ဟာ လျှို့ဝှက်နာမည် Stia လို့ ပေးထားတဲ့ စမတ်နာရီ ၁ လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ၁ ပတ်ကထွက်ပေါ်ခဲ့ပြီး Huawei Watch Fit နာမည်နဲ့ ရောင်းချမှာပါ။ အခုတော့ အဲဒီ စမတ်နာရီရဲ့ Specs ၊ ဈေးနှုန်းနဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံတွေအရ Huawei Watch Fit မှာ ရှည်လျားတဲ့ ၁.၆၄ လက်မ AMOLED 456x280p မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Ambient Light Sensor ကြောင့် မျက်နှာပြင် Brightness ကို အလိုလို ချိန်ညှိပေးနိုင်ပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်မှာ ဖြစ်ပြီး ဘက်ထရီသက်တမ်းက ၁၀ ရက် ဖြစ်ပါတယ်။ Android 5.0 , iOS 9.0 နဲ့အထက် Device တွေနဲ့ ချိတ်ဆက်နိုင်ပြီး GPS, Accelerometer နဲ့ Barometer တွေ ပါပါတယ်။

Watch Fit မှာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ Sensor ၊ Sleep Recording နဲ့ Activity Tracking တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေကို တိုင်းတာပေးနိုင်မှာပါ။ စိတ်ဖိစီးမှုကိုပါ စမ်းသပ်ပေးနိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်းတွေ ပါပါတယ်။

ညာဘက်ခြမ်းမှာ ဆေးတောင့်ပုံ ခလုတ် ၁ ခု တပ်ဆင်ထားပြီး ထိပ်မှာ မိုက်ကရိုဖုန်း အတွက် အပေါက်ပါပါတယ်။ စက်တင်ဘာလမှာ ၁၁၉ ယူရိုနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းလောက် ရှိပါတယ်။ ဂျာမနီ နိုင်ငံ ဘာလင်မှာ ကျင်းပမယ့် IFA 2020 မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena