အိန္ဒိယမှာ Google Maps ကြောင့် လူ ၃ ယောက် သေဆုံးသွားတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လူ ၃ ယောက်ဟာ ကားနဲ့ Uttar Pradesh မှ မင်္ဂလာဆောင်ကို သွားခဲ့ပါတယ်။ သူတို့ဟာ Google Maps ရဲ့ လမ်းညွှန်ချက်အတိုင်း သွားခဲ့တာ ဖြစ်ပြီး ပြုပြင်နေဆဲ တံတားပေါ်ကနေ Ramganga မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
အနီးအနား ပတ်ဝန်းကျင်မှ လူတွေက သူတို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၃ ယောက်စလုံး အသက်သေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Google က စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို ကူညီပေးသွားမယ်လို့ ပြောပါတယ်။ Google က “ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်။ အိန္ဒိယ အာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ “ လို့ ကြေညာထားပါတယ်။
အိန္ဒိယ ရဲဌာနက Google Maps မှ တာဝန်ရှိသူ တစ်ယောက်ကို စုံစမ်းမေးမြန်းနေပါတယ်။ ရဲ အရာရှိ တစ်ယောက်က အဲဒီ တံတားရဲ့ အစိတ်အပိုင်း တစ်ခုဟာ ပြီးခဲ့တဲ့နှစ်မှာ ရေကြီးတဲ့အတွက် ပျက်ဆီးသွားတာလို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ကလည်း အိန္ဒိယ နိုင်ငံ ကီရာလာမှာ ဆရာဝန် ၂ ယောက်ဟာ Google Maps လမ်းညွှန်ချက်အတိုင်း ကားမောင်းနေရင်း Periyar မြစ်ထဲကို ပြုတ်ကျသေဆုံးသွားခဲ့ဖူးပါတယ်။
Ref : Economictimes