Instagram ဟာ Instagram Lite ကိုစတင်ဖြန့်ချိခဲ့တာ ၂ နှစ်နီးပါးသက်တမ်းကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သက်တမ်း ၂ နှစ်ပြည့်လာချိန်မှာတော့ Google Play Store မှာ ရှာဖွေလို့မရတော့ဘဲ တိတ်တဆိတ်ပျောက်ဆုံးသွားပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Instagram Lite ကို ပြန်လည်ဖြုတ်ချခဲ့တာ၊ ဒါမှမဟုတ် ပြန်လည်သိမ်းဆည်းလိုက်တာလို့ အဓိပ္ပါယ်ရပါတယ်။

တကယ်တော့ Instagram Lite app ဟာ သတ်မှတ်ထားတဲ့ ဈေးကွက် ၁၃ ခုမှာပဲ ရယူသုံးစွဲနိုင်ခဲ့တာပါ။ Full Instagram app ရဲ့ အခြေခံဝန်ဆောင်မှုနဲ့လုပ်ဆောင်ချက်တွေပဲ ထည့်သွင်းထားတဲ့ Instagram Lite ဟာ 573 kB (kilobytes) သာ ရှိပါတယ်။ ဒါဟာ Full Instagram app ထက် အဆ ၅၀ လောက် သေးငယ်တယ်လို့ ဆိုရမှာပါ။

Instagram Lite မှာ မရနိုင်တဲ့ ဝန်ဆောင်မှုနဲ့လုပ်ဆောင်ချက်တွေကတော့ Direct messaging လုပ်လို့မရတာနဲ့ IGTV ဗီဒီယိုတွေမရှိတာပဲ ဖြစ်ပါတယ်။ အခုတော့ Lite ဗားရှင်းကိုအသုံးပြုနေသူတွေဟာ Full Instagram ဗားရှင်းကို ပြောင်းလဲအသုံးပြုဖို့ အသိပေးစာတွေ မြင်တွေ့နေရပြီဖြစ်ပါတယ်။

ဒါပေမယ့် Instagram Lite ကို ရုပ်သိမ်းလိုက်ခြင်းဟာ ယာယီသာဖြစ်ပါတယ်။ အကြောင်းကတော့ Facebook ဟာ သုံးစွဲသူတွေဆီက တုံ့ပြန်ချက်တွေကိုအခြေခံပြီး Instagram Lite ဗားရှင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေကြောင်း အတည်ပြုခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ပြန်လည်ထုတ်လွှတ်ပေးမလဲဆိုတဲ့ အချိန်အတိအကျတော့ သတ်မှတ်မထားတာကြောင့် ဒီအတိုင်းစောင့်ဆိုင်းနေလို့မရဘဲ Full Instagram ကိုပဲ ပြောင်းလဲသုံးစွဲရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena