Samsung လို့ ဆိုလိုက်တာနဲ့ ဖုန်းတွေ၊ TV လိုမျိုး Electronics တွေကို ထုတ်လုပ်နေတဲ့နည်းပညာကုမ္ပဏီကြီးဆိုတာကို ပြေးမြင်ကြမှာဖြစ်ပါတယ်။ တကယ်လည်း Samsung ဟာ စမတ်ဖုန်းနဲ့ TV စျေးကွက်မှာ နံပါတ် (၁) နေရာကို ရယူထားပြီး ကျန်တဲ့ Electronics စျေးကွက်မှာလည်း အောင်မြင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung ဟာ နည်းပညာကုမ္ပဏီတစ်ခုထက် အများကြီးပိုပြီး စိတ်ဝင်စားစရာအချက်တွေလည်း အများအပြားရှိနေပါတယ်။ ဥပမာ Samsung ကုမ္ပဏီကို စတင်တည်ထောင်တဲ့ရည်ရွယ်ချက်ကနေစပြီး Brand Logo ၊ Electronics ပိုင်းနဲ့မဆိုင်တဲ့ Samsung ရဲ့ တီထွင်ပြုလုပ်မှုတွေလည်း အများကြီးပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Article မှာ Samsung ကုမ္ပဏီအကြောင်း သင်မသိသေးတဲ့ အချက်လေးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

(1) စားသောက်ကုန်နဲ့ ခေါက်ဆွဲအရောင်းဆိုင်အနေနဲ့ စတင်ခဲ့တဲ့ Samsung

Samsung ဟာအခုအချိန်မှာ စမတ်ဖုန်းနဲ့ Electronics စျေးကွက်ကို အပိုင်သိမ်းထားနိုင်တယ်ဆိုပေမယ့် စတင်တည်ထောက်တဲ့အချိန်တုန်းက လုံးဝကို နည်းပညာနဲ့ ဆက်စပ်မှုမရှိခဲ့ဘူးဆိုရင် အံ့သြစရာဖြစ်နေမှာပါ။ အဲ့ဒီထက်ပို အံ့သြဖို့ကောင်းတာကတော့ လွန်ခဲ့တဲ့ ၁၉၃၈ ခုနှစ်တုန်းက Lee Byung-chul က Samsung ကို တည်ထောင်တဲ့အချိန်မှာ စားသောက်ကုန်၊ ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချတဲ့ကုမ္ပဏီအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ Samsung ဟာ အဲ့ဒီအချိန်တုန်းက ကိုယ်ပိုင်ခေါက်ဆွဲထုတ်လုပ်ပြီး တင်ပို့ရောင်းချခဲ့ပါသေးတယ်။

(2) “ကြယ် ၃ လုံး” လို့ အဓိပ္ပါယ်ရတဲ့ Samsung

Samsung ရဲ့ Founder ဖြစ်တဲ့ Lee Byung-chul ဟာ အနာဂါတ်မှာ Samsung ဟာ အလွန်အောင်မြင်တဲ့ကုမ္ပဏီကြီးဖြစ်လာမယ်ဆိုပြီး ရည်မှန်းချက်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ဆိုတဲ့ နာမည်ဟာ ရိုးရာ Hanja ဘာညာစကားအရ “ကြယ် ၃ လုံး” လို့ အဓိပ္ပါယ်ရပြီး ကောင်းကင်မှာ အမြဲတမ်းလင်းလက်နေတဲ့ ကြယ်လိုမျိုး ရည်ရွယ်ထားတာဖြစ်ပါတယ်။ စစခြင်းတုန်းက Samsung Logo ဟာ ကြယ် ၃ လုံးပါဝင်ပြီးတော့ အခုလိုမျိုး အပြာရောင်မဟုတ်သေးဘူးဖြစ်ပါတယ်။

(3) လက်ရှိ Samsung Logo ရဲ့ အဓိပ္ပါယ်

Samsung ဟာ ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်တုန်းက Logo ကို လက်ရှိရင်းနှီးနေပြီဖြစ်တဲ့ အပြာရောင်အောက်ခံကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ အပြာရောင် ဘဲဥပုံစံအောက်ခံဟာ အာကာသစကြာဝဠာကို ကိုယ်စားပြုထားတာဖြစ်ပြီး ကြယ်တွေပါဝင်ခြင်းမရှိတော့ပေမယ့် Samsung ဟာ စကြာဝဠာမှာ အောင်မြင်မှုရရှိစေဖို့ရည်ရွယ်ထားတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Samsung စမတ်ဖုန်းတွေကို Galaxy ဆိုပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်။

(4) Samsung ကနေ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Product တွေ

Samsung ဟာ Electronics စျေးကွက်ကို Samsung Electronics နာမည်နဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Product ကတော့ ၁၉၇၀ ခုနှစ်တုန်းက 12-inch Black & White TV Set ပဲဖြစ်ပါတယ်။ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ဖုန်းကတော့ ၁၉၈၆ ခုနှစ်မှာ Car Phone ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ပထမဆုံးသော နည်းပညာတွေပါဝင်တဲ့ Product တွေကို ဆက်တိုက်ထုတ်လုပ်ခဲ့ပြီး CDMA Cellular System ကို ၁၉၉၆ ခုနှစ်မှာ၊ ပထမဆုံး Digital TV ကို ၁၉၉၈ ခုနှစ်မှာ၊ ပထမဆုံး MP3 ဖုန်းကို ၁၉၉၉ ခုနှစ်တွေမှာမိတ်ဆက်ခဲ့ပါသေးတယ်။ စမတ်ဖုန်းကင်မရာလောကမှာ 10MP Camera ပါဝင်တဲ့ဖုန်းကို ပထမဆုံး မိတ်ဆက်ခဲ့တာကလည်း Samsung ပဲဖြစ်ပါတယ်။

(5) Samsung ရဲ့ ရောင်းအကောင်းဆုံးဖုန်း

Samsung ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်နေပြီး စျေးကွက်ပထမနေရာကို ရယူထားတဲ့အတွက် Samsung အတွက် ရောင်းအားအကောင်းဆုံးဖုန်းကို ပြောပါဆိုရင် လတ်တလောထွက်ရှိထားတဲ့ Galaxy Series ဖုန်းတွေလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ လက်ရှိအချိန်အထိ ရောင်းအားအကောင်းဆုံးဖုန်းကတော့ ၂၀၀၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ E1100 Feature Phone ပဲဖြစ်ပါတယ်။ အဆိုပါ E1100 Feature Phone ဟာ အရေအတွက်အနေနဲ့ အလုံးရေ သန်း ၁၅၀ ကျော်ရောင်းချခဲ့ရပြီး တကမ္ဘာလုံးမှာပါ ရောင်းအားအကောင်းဆုံး နံပါတ် (၈) နေရာမှာရှိနေတာဖြစ်ပါတယ်။

Samsung ရဲ့ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းကို ပြောပါဆိုရင်တော့ ၂၀၁၃ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S4 ဖြစ်ပြီး အလုံးရေ သန်း ၈၀ ကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

(6) Samsung ကို စတင်တဲ့အချိန်မှာ Designer ဘယ်နှစ်ယောက်ရှိခဲ့သလဲ

Samsung ဟာ တခြား Supplier တွေဆီကနေ ရယူမှုအနည်းဆုံး Electronics ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ Samsung ကုမ္ပဏီအတွက် Full Time Designer ပေါင်း ၁,၆၀၀ ကျော်ခန့်အပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ကို စတင်တဲ့အချိန်တုန်းက Designer ၂ ယောက်ထဲနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

(7) Samsung ရဲ့ ရုံးချူပ်ကို ဘယ်လိုတည်ဆောက်ထားသလဲ

Samsung ဟာ ရုံးချူပ်ကို အဆောက်အဦးတစ်ခုထဲ တည်ဆောက်ထားတာမဟုတ်ဘဲ Digital City လို့ ခေါ်ဆိုထားတဲ့ အထူးတည်ဆောက်ထားတဲ့ Complex တစ်ခုမှာ အဆောက်အဦးတွေ အများအပြားတည်ဆောက်ထားတာဖြစ်ပါတယ်။ အဆိုပါ Digital City Complex မှာ Samsung ရဲ့ လုပ်ငန်းတွေအကုန်လုံးကို စီမံဆောင်ရွက်တာဖြစ်ပြီး အရွယ်အစားအနေနဲ့ ဘောလုံးကွင်းပေါင်း ကွင်း ၂၅၀ နီးပါးရှိတယ်လို့ သိရပါတယ်။

(8) တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အကြီးမားဆုံးကစားကွင်းကို ပိုင်ဆိုင်ထားတဲ့ Samsung

Samsung ဟာ စမတ်ဖုန်းနဲ့ Electronics ပစ္စည်းတွေတင်ထုတ်လုပ်တာမဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Everland Resort နာမည်နဲ့ ကစားကွင်းကို ပိုင်ဆိုင်ထားပါသေးတယ်။ အဆိုပါ ကစားကွင်း (Amusement Park) ဟာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးမားဆုံးဖြစ်သလို Zoo ၊ Water Park တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Samsung မှာ အလုပ်လုပ်ကိုင်နေတယ်ဆိုရင် အခမဲ့ဝင်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

(9) ကိုယ်တိုင်ထုတ်လုပ်တာတင်မဟုတ်ဘဲ တခြားကုမ္ပဏီတွေအတွက်ပါ ထုတ်လုပ်ပေးနေတဲ့ Samsung

Samsung ကနေ ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ လုံးဝကို ကိုယ်တိုင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Samsung ဟာ တခြားသောကုမ္ပဏီတွေအတွက်ပါ အစိတ်အပိုင်းမျိုးစုံထုတ်လုပ်ပေးထားပါသေးတယ်။ ဒါတွေကတော့ Apple iPhone တွေ အပါအဝင် တခြားဖုန်းကုမ္ပဏီတွေအတွက် Display ၊ Exynos Processor တွေအပြင် အခုလည်း မကြာခင်မိတ်ဆက်တော့မယ့် Google ရဲ့ ကိုယ်ပိုင် Chip အတွက်လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

(10) ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို တည်ဆောက်ခဲ့တဲ့ Samsung

Dubai မှာရှိတဲ့ Burj Khalifa အဆောက်အဦးဟာ လက်ရှိ တကမ္ဘာလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။ အဆိုပါ အဆောက်အဦးကို တည်ဆောက်ခဲ့တဲ့အထဲမှာ Samsung Engineering နဲ့ Construction Group တွေအဓိကပါဝင်ခဲ့တာဖြစ်ပါတယ်။

(11) Galaxy S Series ရဲ့ S က ဘာကို ကိုယ်စားပြုထားတာလဲ

Samsung ရဲ့ Galaxy Series စမတ်ဖုန်းတွေ၊ တခြား Product တွေရဲ့ နာမည်မှာပါဝင်တဲ့ Alphabet ဟာ ဒီအတိုင်း ကျပန်းပေးထားတာမျိုးမဟုတ်ပါဘူး။ အဲ့ဒီအစား အဆိုပါ စာလုံးတွေတစ်လုံးချင်းစီက သီးသန့်အဓိပ္ပါယ်ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ Samsung ရဲ့ Flagship Galaxy S Series ဖုန်းရဲ့ “S” ဟာဆိုရင် “Super Smart” ကို ကိုယ်စားပြုထားတာဖြစ်တယ်။

(12) Samsung ရဲ့ လက်ရှိအခြေအနေ

Samsung ဟာ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၇၄ နိုင်ငံကျော်မှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဝန်ထမ်းအရေအတွက်ကလည်း ၃ သိန်းနီးပါးရှိနေပြီး Apple ရဲ့ ဝန်ထမ်းဦးရေ ၁သိန်း ၆သောင်း ဝန်းကျင်နဲ့ Microsoft ရဲ့ ဝန်ထမ်းဦးရေ ၁ သိန်း ၆ သောင်းကျော်ထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီအချိန်မှာ နည်းပညာကုမ္ပဏီတွေထဲမှာ Samsung ကို ယှဥ်ပြိုင်ဖို့ကတော့ အလွန်ခက်ခဲနေပြီလို့တောင် ပြောလို့ရပါတယ်။

အခုပြောသွားတဲ့အချက်တွေကတော့ Samsung နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung ဟာ စမတ်ဖုန်းလောကမှာလည်း နံပါတ် (၁) နေရာကို နောက်နှစ်တွေအကြာကြီး ထိန်းထားနိုင်ပြီး Foldable Phone စျေးကွက်ကိုပါ ဦးဆောင်သွားနိုင်ခြေများနေပါတယ်။