ဒီလအစောပိုင်းတုန်းက iPhone 12 ရဲ့ Audio စွမ်းဆောင်ရည်ကို DXOMARK က သုံးသပ်ခဲ့ပါတယ်။ ဒီတုန်းကတော့ ၇၃ မှတ်ရရှိခဲ့ပြီး၊ ဒီရလဒ်ဟာ ပြီးခဲ့တဲ့နှစ်က iPhone 11 Pro Max ရဲ့ ရမှတ် (၇၁ မှတ်) ထက် ၂ မှတ် ပိုခဲ့တာဖြစ်ပြီး၊ iPhone XS Max ရဲ့ ရမှတ် (၇၄ မှတ်) ထက် ၁ မှတ်လျော့နည်းခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ DXOMARK က iPhone 12 ရဲ့ ကင်မရာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ iPhone 12 ရဲ့ DXOMARK ရမှတ်ကတော့ ၁၂၂ မှတ်သာဖြစ်ပြီး အဆင့် ၁၃ မှာသာ ရှိနေခဲ့ပါတယ်။ ဒါဟာ iPhone 12 Pro Max ရဲ့ (အမှတ် ၁၃၀) နဲ့ iPhone 12 Pro ရဲ့ (၁၂၈မှတ်) ထက် နည်းပါးနေပြီး iPhone 11 Pro Max ရဲ့ (အမှတ် ၁၂၀) ထက် အနည်းငယ်သာ များနေတာ ဖြစ်ပါတယ်။

မကြာခင်က ဖြန့်ချိခဲ့တဲ့ 5G စမတ်ဖုန်း လေးမျိုးမှာ iPhone 12 ဟာ သုံးစွဲသူအများဆုံး အမျိုးအစား ဖြစ်လာနိုင်ပါတယ်။ iPhone 12 ဟာ ကျောဘက်မှာ 1.4µm pixels, f/1.6 lens, OIS, နဲ့ 12MP sensor အဓိကကင်မရာ၊ f/2.4 lens, 12MP 1/3.6-inch sensor ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ ဒီကင်မရာတွေက 24/30/60 fps 4K ဗီဒီယို၊ 30/60/120/240 fps 1080 ဗီဒီယို၊ 30 fps Dolby Vision HDR ဗီဒီယို တွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် Gyro-EIS ကို LED ဖလက်ရှ်နှစ်ခုနဲ့ တွဲဖက်ထောက်ပံ့ထားပါသေးတယ်။

စွမ်းဆောင်ရည်အကြောင်းပြောရင်တော့ ကင်မရာပိုင်းမှာ ရုပ်ငြိမ်ဓါတ်ပုံအတွက် ၁၃၂ မှတ် ရရှိပြီး၊ ဗီဒီယိုအတွက် ၁၁၂ မှတ် ရရှိပါတယ်။ Zoom capability ကတော့ telephoto lens မရှိတာကြောင့် ၄၁ မှတ်ပဲ ရရှိတာကို တွေ့ရပါတယ်။ iPhone 12 ရဲ့ ကင်မရာတွေဟာ ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်ဆိုပေမယ့် ကင်မရာပိုင်းတစ်ခုလုံးကို ခြုံငုံပြောဆိုရမယ်ဆိုရင်တော့ Android တွေဖြစ်ကြတဲ့ Samsung, Huawei, Xiaomi, OPPO စတာတွေရဲ့ နောက်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina