PGYTECH ကုမ္ပဏီကတော့ iPhone သမားတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ RetroVa Vintage Imaging Kit ကို Kickstarter ကနေ မိတ်ဆက်လိုက်ပါပြီ။ ဒီ Kit က iPhone တွေကို ဖုန်းတစ်လုံးလိုမဟုတ်ဘဲ Mirrorless ကင်မရာတစ်လုံးကို ကိုင်တွယ်ရသလို ခံစားမှုမျိုး ပေးစွမ်းမှာပါ။ Xiaomi တို့ Vivo တို့လို တရုတ်ဖုန်းတွေမှာ တွေ့ရတတ်တဲ့ ပြင်ပကင်မရာ module တပ်ဆင်လို့ရတဲ့ နည်းပညာကို iPhone 16 Pro နဲ့ 17 Pro စီးရီးတွေဆီ အရောက်ပို့ဆောင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီ Kit မှာ အဓိက ပုံစံနှစ်မျိုး ပါဝင်ပြီး ရိုးရိုးမော်ဒယ်မှာတင် ကင်မရာကိုင်တွယ်ရသလို ခံစားရစေမယ့် Grip ၊ အဆင့်နှစ်ဆင့်ပါ Shutter ခလုတ်၊ Zoom ဆွဲတဲ့ခလုတ်နဲ့ ISO ၊ Exposure တွေကို စိတ်ကြိုက်ချိန်ညှိနိုင်တဲ့ ခလုတ်တွေ ပါဝင်လာပါတယ်။ ဒါဟာ ဖုန်းနဲ့ ရိုက်နေတာဆိုပေမယ့် တကယ့်ကင်မရာတစ်လုံးလို သေသပ်ပိုင်နိုင်စွာ ဖန်တီးရိုက်ကူးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ပိုပြီး ဈေးမြင့်တဲ့ မော်ဒယ်မှာတော့ 2.35x telephoto မှန်ဘီလူး အပိုတစ်ခု ပါဝင်လာတာကြောင့် iPhone 17 Pro နဲ့တွဲသုံးရင် 10x optical zoom ၊ iPhone 16 Pro နဲ့ဆိုရင် 12x အထိ zoom ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေနဲ့ အားကစားပွဲတွေကို အဝေးကလှမ်းရိုက်တဲ့အခါ Digital zoom ထက် ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ Creator တွေအတွက် ProRes ဗီဒီယိုတွေကို တိုက်ရိုက်သိမ်းဆည်းနိုင်မယ့် MicroSD ကတ်ပေါက် ပါဝင်လာတာပါပဲ။ Retro ဒီဇိုင်းနဲ့ Manual control တွေပါဝင်တဲ့ သီးသန့် app လည်း အသုံးပြုနိုင်ဦးမှာပါ။ ၂၀၂၆ ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ဒီ Kickstarter စီမံကိန်းဟာ ရည်မှန်းငွေပမာဏ ပြည့်မီသွားပြီဖြစ်ပြီး လာမယ့် မတ်လနဲ့ ဧပြီလတွေမှာ စတင်ပို့ဆောင်ပေးတော့မယ်လို့ သိရပါတယ်။

Ref : gizmochina