ဒီရက်ပိုင်းအတွင်း Apple ရဲ့ iPhone တွေနဲ့ပတ်သက်ပြီး ရေပန်းစားနေတာက Type-C port အကြောင်းပါ။ သိတဲ့အတိုင်း EU က ဥပဒေထုတ်ပြီး Type-C ကိုပဲဘုံသုံးအဖြစ် ထားရမယ်လို့ ဆိုလိုက်တာကြောင့် Apple လည်း Lightning လုပ်လို့မရတော့ပါဘူး။ ဒီတော့ Apple အနေနဲ့ Port ကိစ္စကို စဉ်းစားရတော့မှာပါ။

ပြီးခဲ့တဲ့ရက်တုန်းကတော့ Apple ဟာ သူ့ iPhone မှာသုံးမဲ့ Type-C ကို ကန့်သတ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာပါသေးတယ်။ ဆိုလိုတာက Type-C တော့ Type-C ပဲ ဒါပေမဲ့ သူရောင်းတဲ့ Type-C မဟုတ်ရင် မြန်နှုန်းမမြင့်ဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးဖြစ်အောင် ကြိုးစားနေတယ်ဆိုတာပါ။

အင်ဂျင်နီယာတွေကတော့ USB Type-C interface ကို Lightning interface အဟောင်းမှာ ထည့်သွင်းပေးရင်လည်း ရတယ်လို့ ဆိုနေကြပါတယ်။ အရင်ကလည်း iPhone ရဲ့ Lightning interface ကို USB Type-C interface အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲပြခဲ့ကြပြီးပါပြီ။

YouTube blogger Hyphaistos3672 ကတော့ iPhone 12 mini မှာ Lightning port ဘေးဘက်မှာ USB Type-C port ကို ထည့်သွင်း စမ်းသပ်ပြခဲ့ပါတယ်။ ဒီလိုမျိုး Dual-port iPhone ဖြစ်အောင်လို့ အင်ဂျင်နီယာတွေဟာ ဖုန်းရဲ့အောက်ခြေကို ပြုပြင်မှုလုပ်ခဲ့ရပါတယ်။ Type-C port အတွက် အပေါက်သစ်ဖောက်ပြီး ဖုန်းရဲ့လက်ရှိ Hardware နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

အင်ဂျင်နီယာ ဘလော့ဂါရဲ့ ဖန်တီးမှုဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ လက်တွေ့မှာတော့ Apple အနေနဲ့ ဒီလိုမျိုး Dual-port လုပ်ဖို့အကြံအစည် လုံးဝကို မရှိသလောက်ပါပဲ။ အင်တာနက်အသုံးပြုသူတချို့ကတော့ Dual-interface ဆိုရင် Headphone အသုံးပြုတာနဲ့ အားသွင်းတာကို တစ်ပြိုင်နက် လုပ်နိုင်တယ်လို့ ကောင်းကွက်ကို ရှာပေးကြပါတယ်။ စာဖတ်သူအနေနဲ့ဆိုရင်ရော Dual-interface နဲ့ iPhone ကို လက်ခံနိုင်မလားဆိုတာ မှတ်ချက်ပေးသွားနိုင်ပါတယ်။

Ref: Gizchina