Apple Fans တွေက ရှေးဟောင်း Apple Device တွေကို ဈေးကြီးကြီးပေးကာ ဝယ်ယူလေ့ရှိကြပါတယ်။ ဒီတစ်ခါတော့ ပထမမျိုးဆက် iPod ကို ဈေးကြီးကြီးနဲ့ ဝယ်ယူသွားပါတယ်။ ပြီးခဲ့တဲ့လမှာ ပါကင်ပိတ် 4G ပထမမျိုးဆက် iPhone ကို စံချိန်တင်ဈေးနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
ပထမမျိုးဆက် iPod ကို ၂၀၀၁ ခုနှစ်က ရောင်းချခဲ့ပြီး ဒီဇိုင်းလှပတဲ့ Portable Music Player အဖြစ် လူကြိုက်များခဲ့ပါတယ်။ အဲဒီအချိန်တုန်းက iPod ရဲ့ ဈေးနှုန်းက ၃၉၉ ဒေါ်လာ ဖြစ်ပါတယ်။
အခုတော့ ပါကင်ပိတ် iPod ကို ရှားပါး ပစ္စည်းတွေ ရောင်းချတဲ့ Rally ကနေ ရောင်းချခဲ့ပါတယ်။ ဒေါ်လာ ၂၉,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာငွေ သိန်း ၉၀၀ ကျော်တန်ကြေး ရှိပါတယ်။ မူလ ဈေးနှုန်း ၃၉၉ ဒေါ်လာထက် အဆပေါင်းများစွာ ရှိတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။
Rally က ပါကင်ပိတ် ပထမမျိုးဆက် iPod ကို ဝယ်ယူသွားသူရဲ့ အမည်ကို မပြောပါဘူး။ အဲဒီ iPod ကို ခရစ်စမတ် လက်ဆောင်အနေနဲ့ Fred နဲ့ Betty Goodwin တို့က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၂ ခုကြာ ပါကင်မဖွင့်ရသေးဘဲ ပြန်လည် ရောင်းချခဲ့တာပါ။ iPod နဲ့အတူ အပြာရောင် Apple Store အိတ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Apple က iPod ဟာ ထူးခြားဆန်းသစ်တဲ့ Music Player ဖြစ်ပြီး သီချင်း ၁,၀၀၀ ကို သင့် အိတ်ကပ်ထဲ ထည့်သွားနိုင်တယ်လို့ဆိုကာ ကြော်ငြာ ရောင်းချခဲ့တာပါ။
Ref : gizmochina