အခုဆိုရင် ၂၀၂၁ ခုနှစ်ပြီးဆုံးသွားပြီး ၂၀၂၂ ခုနှစ်ထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက Google ကနေ Pixel ဖုန်းတွေအတွက် Android 12 Stable Update ထုတ်ပေးခဲ့သလို တခြားသော Android ဖုန်းအများအပြားလည်း Android 12 Stable Update ရရှိနေပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း Microsoft ကနေ ပထမဆုံးအနေနဲ့ မိတ်ဆက်ခဲ့တဲ့ Foldable Dual Screen စမတ်ဖုန်းဖြစ်တဲ့ Surface Duo ကတော့ အခုအချိန်အထိ Android 11 Update တောင် မရရှိသေးဘူးဖြစ်ပါတယ်။ ဒါကလည်း Microsoft ကိုယ်တိုင်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ၂၀၂၁ မကုန်ခင်မှာ Android 11 Update ကို ပေးနိုင်အောင် ဆောင်ရွက်နေတယ်ဆိုပြီး ကတိပေးထားတာဖြစ်ပါတယ်။

Windows Centeral ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Android 11 Update မရရှိသေးတာဟာ Surface Duo ကို ဝယ်ယူထားတဲ့သူတွေအတွက် လွန်စွာစိတ်ပျက်စရာဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ယခင်ထဲကလည်း Microsoft Surface Duo ဟာ Software ပိုင်းအပြင် Hardware ပိုင်း ပြဿနာတွေမျိုးစုံကြုံတွေ့ခဲ့ရတာကြောင့် ဝေဖန်ခံခဲ့ရသလို Microsoft ကိုယ်တိုင်ကလည်း စျေးကို နောက်ပိုင်းမှာ ထက်ဝက်လျော့ချပြီး ရောင်းချခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမျိုး Software Update ပိုင်းမှာ နှောင့်နှေးနေတာက အဓိကအနေနဲ့ Microsoft ဟာ အခုလိုမျိုး Foldable Screen မဟုတ်ဘဲ Dual Screen ဖြစ်နေတာကြောင့် Android OS နဲ့ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အခုအချိန်အထိလည်း Microsoft Surface Duo ဟာ Google App တွေနဲ့ Service တွေပဲ Update အသုံးပြုနိုင်တာဖြစ်ပြီး Dual Screen Feature ကို Support ပြုလုပ်တဲ့ Microsoft App တွေကတော့ Update ရရှိမှုပိုင်းမှာ အလွန်နှေးကွေးနေတာဖြစ်ပါတယ်။

တချို့သော သတင်းတွေအရတော့ Microsoft Surface Duo အတွက် Android 11 Update ဟာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး Google နဲ့ Mobile Operator ဖြစ်တဲ့ AT&T တို့က Certified ပြုလုပ်ပြီးတာနဲ့ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ထွက်ရှိပြီး ၁၅ လကြာမြင့်တဲ့အထိ Major Software Update မရရှိတာကတော့ Microsoft လို ကုမ္ပဏီတစ်ခုအနေနဲ့ ပြောစရာတစ်ခုဖြစ်နေပါပြီ။

Ref – The Verge