နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Jaguar ဟာ လက်ရှိအချိန်မှာ US နိုင်ငံအတွင်းမှာ ရောင်းချထားတဲ့ I-Pace EV လျှပ်စစ်ကားတွေအကုန်လုံးကို ပြန်လည်ခေါ်ယူနေရပြီဖြစ်ပါတယ်။ အခုလိုမျိုး I-Pace EV လျှပ်စစ်ကားအကုန်လုံးကို ပြန်လည်ခေါ်ယူရတဲ့ အကြောင်းပြချက်ကတော့ Battery က Overheat ဖြစ်ပြီး မီးလောင်နိုင်တဲ့ ပြဿနာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ယခင်ထဲက လျှပ်စစ်ကားကျွမ်းကျင်ပညာရှင်တွေက Jaguar ကုမ္ပဏီကို အခုလိုမျိုး Battery ကနေ အပူလွန်ကဲပြီး မီးလောင်နိုင်ခြေရှိကြောင်းကို သတိပေးခဲ့ပေမယ့် Jaguar က ပုံမှန်အတိုင်း ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် I-Pace EV လျှပ်စစ်ကားတွေကို စတင်ရောင်းချခဲ့တာ အချိန် ၁ နှစ်ခန့်ရှိပြီဖြစ်ပြီး မတူညီတဲ့ Battery  မီးလောင်မှု ၄ ခုအထိ ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။

Jaguar I-Pace EV လျှပ်စစ်ကားလိုမျိုးပဲ Chevy Bolt EV လျှပ်စစ်ကားဟာလည်း မီးလောင်တဲ့ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါသေးတယ်။ အဆိုပါ Bolt EV ကားဆိုရင် မီးလောင်မှုပေါင်း ၁ ဒါဇင်အထိ ဖြစ်ပွားခဲ့ပါတယ်။

ထူးခြားတာတစ်ခုက Jaguar I-Pace EV နဲ့ Chevy Bolt EV ကား ၂ မျိုးစလုံးဟာ တူညီတဲ့ LG Energy Battery Cell တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် Jaguar ကုမ္ပဏီဟာ Battery Supplier ဖြစ်တဲ့ LG Energy ကိုပါ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ EV လျှပ်စစ်ကားတွေဟာ အောင်မြင်မှုရရှိလာပေမယ့် တစ်ဖက်မှာ အခုလိုမျိုး စိုးရိမ်ရတဲ့ပြဿနာတွေရှိနေသေးတာကိုတော့ ငြင်းလို့မရသေးပါဘူး။

Ref – Gizmo China