ကမ္ဘောဇဘဏ်၏ အင်တာနက်ဘဏ်ဝန်ဆောင်မှု (iBanking) နှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှု (mBanking) အသုံးပြုသူများသည် မြန်မာနိုင်ငံအတွင်းရှိ အခြားဘဏ်အကောင့်ပိုင်ရှင်များသို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် အလွယ်တကူ ငွေလွှဲနိုင်ရန် ‘Other Bank Transfer’ လုပ်ဆောင်ချက်ကို စတင် အသုံးပြုနိုင်

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ၎င်း၏ အင်တာနက်ဘဏ်ဝန်ဆောင်မှု (iBanking) နှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှု (mBanking) အသုံးပြုသူများအတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားဘဏ်ကြီးများ၏ အကောင့်ပိုင်ရှင်များထံသို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲနိုင်မည့် “Other Bank Transfer” လုပ်ဆောင်ချက်အား စတင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်အသစ် မိတ်ဆက်ခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ရှိ ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံများကို ခေတ်မီနည်းပညာ အသုံးပြုပြီး ပိုမို ကောင်းမွန်သော ပုံစံအသစ်ဖြင့် ပေးအပ်နိုင်ရန် ဆောင်ရွက်မည်ဟူသော ကမ္ဘောဇဘဏ်၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ လုပ်ငန်းသုံး ဘဏ်အကောင့်နှင့် ကိုယ်ပိုင်ဘဏ်အကောင့် ရှိထားသူတိုင်း ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး အသုံးပြုနိုင်သော အဆိုပါငွေလွှဲဝန်ဆောင်မှုသည် ငွေလွှဲမှုတစ်ကြိမ်လျှင် အများဆုံး မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ ထိ ငွေလွှဲနိုင်ပြီး တစ်နေ့လျှင်အများဆုံးငွေလွှဲနိုင်သည့်ပမာဏအား မြန်မာကျပ်ငွေ ၅,၀၀၀,၀၀၀ အဖြစ်သတ်မှတ်ထားပါသည်။ ငွေလွှဲလုပ်ဆောင်ချက် တစ်ခုကို (၁၅) မိနစ်ထက် မကြာစေဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ငွေလွှဲရန်အတွက် ငွေသား (သို့မဟုတ်) ချက်လက်မှတ်ဖြင့် ဘဏ်ခွဲသို့ သွားရောက်ရမည့် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ပါသည်။ ငွေလွှဲလုပ်ဆောင်ချက် အားလုံးကို PIN နံပါတ် (သို့မဟုတ်) တစ်ခါသုံးလျှို့ဝှက်နံပါတ်များဖြင့် ကာကွယ်ထားပြီး ငွေလွှဲပြောင်းမှုအတွက် အတည်ပြုသည့် SMS စာတိုအား (၁၀) မိနစ်အတွင်း လက်ခံရရှိမည် ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်နေ့မှစတင်ပြီး ကမ္ဘောဇဘဏ်ဝန်ဆောင်မှု အသုံးပြုသူများသည် ‘Other Bank Transfer’ လုပ်ဆောင်ချက်ဖြင့် မြန်မာရှေ့ဆောင်ဘဏ် (MAB)၊ ရိုးမဘဏ်၊ ယူနိုက်တက်အမရဘဏ် (uab)၊ မြဝတီဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် A bank တို့၏ အကောင့်ပိုင်ရှင်များထံသို့ ဒစ်ဂျစ်တယ်စနစ် အသုံးပြု၍ လွယ်ကူသက်သာ၊ မြန်ဆန်စွာ ငွေလွှဲနိုင်ပြီ ဖြစ်ပါသည်။ လာမည့် အနာဂတ်ကာလများတွင် အခြားဘဏ်များကိုလည်း ကမ္ဘောဇဘဏ်၏ ‘Other Bank Transfer’ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် ချိတ်ဆက်သွားမည် ဖြစ်သည်။

ကမ္ဘောဇဘဏ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် အခြားဘဏ်များသို့ ငွေလွှဲလိုပါက မည်သည့် ဘဏ်ခွဲကိုမဆို သွားရောက်ပြီး ဘဏ်ခွဲကောင်တာများတွင် ဝန်ဆောင်မှု ရယူသည့်စနစ်ဖြင့် ငွေလွှဲခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ ကမ္ဘောဇဘဏ်နှင့် ငွေလွှဲ၊ ငွေထုတ် လက်ခံမည့် အခြားဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET2 ငွေပေးချေမှုစနစ်အသစ်ကို အသုံးပြု၍ ယခင်ကထက် ပိုမို လျင်မြန်ထိရောက်စွာဖြင့် ဘဏ်ခွဲကောင်တာများတွင် ငွေလွှဲလုပ်ဆောင်မှုများ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ ငွေကြေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့တဲ့၊ အရေးပါတဲ့ အောင်မြင်မှုခြေလှမ်းတစ်ခုကို လှမ်းတက်နိုင်ခဲ့ပါပြီ။ ပြည်တွင်းဘဏ် အချင်းချင်း ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲနိုင်တဲ့ လုပ်ဆောင်ချက်ကို လွယ်ကူ၊ လုံခြုံစွာ ဆောင်ရွက်နိုင်ပြီဖြစ်လို့ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းနဲ့ လုပ်ငန်းရှင် customers တွေအတွက် ပိုကောင်းတဲ့ ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်နိုင်ရုံသာမက ပိုပြီး ကျယ်ပြန့်တဲ့ ပြည်တွင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်အတွင်းမှာပါ အဓိက အတားအဆီးဖြစ်နေတဲ့ အရာတစ်ခုကို ဖြေရှင်းနိုင်အောင် ကူညီပေးလိုက်သလိုပါပဲ” ဟု ကမ္ဘောဇဘဏ်၏ လက်ထောက်စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Robin Chua က ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြရန် နှိုးဆော်တိုက်တွန်းသည့် အချိန်ကာလတွင် ‘Other Bank Transfer’ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် ဘေးကင်းလုံခြုံစွာ ငွေလွှဲနိုင်ပြီဖြစ်သောကြောင့် customer များအနေဖြင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်သွားရောက်ရန် လိုအပ်သည့် ကိစ္စများကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။

“နိုင်ငံတော်အစိုးရက ရေးဆွဲထားတဲ့ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) မှာဆိုရင် မြန်မာနိုင်ငံရဲ့ ပွင့်လန်းစ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကို အရှိန်မြှင့်တင်ဖို့ဆိုတာကို အရေးကြီးတဲ့ ပန်းတိုင်တစ်ခုအဖြစ် ထည့်သွင်း ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ ပြည်တွင်းဘဏ်အချင်းချင်း ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲနိုင်တဲ့ ဝန်ဆောင်မှုက ကမ္ဘောဇဘဏ်ကနေ အခြားဘဏ်တွေကို ဝန်ဆောင်ခ သက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန် ငွေလွှဲရာမှာ ပိုမို လွယ်ကူအောင် ဆောင်ရွက်ပေးမှာပါ။ ဒီဝန်ဆောင်မှုအသစ်က customer တွေကို ကိုယ့်အိမ်ကနေဖြစ်ဖြစ်၊ အလုပ်ကနေဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ လုံခြုံမှုရှိရှိ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲပြောင်းမှုတွေ လုပ်နိုင်တဲ့အတွက် အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလမှာ ဘဏ်ခွဲကို ကိုယ်တိုင်သွားရမယ့် ခရီးစဉ်ထောင်ပေါင်းများစွာကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်” ဟု Mr. Robin Chua က ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

‘Other Bank Transfer’ လုပ်ဆောင်ချက်ကို အသုံးပြု၍ ပြည်တွင်းဘဏ်အချင်းချင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမှာ ဘဏ်ခွဲကောင်တာများတွင် ကောက်ခံသည့် ငွေလွှဲနှုန်းထား ပုံစံမျိုး မဟုတ်ပါ။ အဆိုပါ ဝန်ဆောင်မှု အသုံးပြုလိုသည့် customer များမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကောက်ခံသည့် ဝန်ဆောင်ခ (၃၀၀) ကျပ် နှင့် ငွေလွှဲလုပ်ဆောင်ချက် တစ်ကြိမ်လျှင် ကမ္ဘောဇဘဏ်မှ (ဝ.၀၅%) မှ (ဝ.၁၀%) အတွင်း ကောက်ခံသည့် ကျသင့်ငွေများကိုသာ ပေးဆောင်ရန် လိုအပ်ပါသည်။ ငွေလွှဲပေးပို့သူအနေဖြင့် ငွေလွှဲလက်ခံသူ၏ ဘဏ်မှ ကောက်ခံသော အဝင်ငွေလွှဲဝန်ဆောင်ခကို ပေးဆောင်ရန်လည်း လိုအပ်ပါသည်။

ကမ္ဘောဇဘဏ်၏ iBanking ဖြင့် ‘Other Bank Transfer’ လုပ်ဆောင်ချက် အသုံးပြုပုံ

၁) ကမ္ဘောဇဘဏ်၏ iBanking ဝက်ဘ်ဆိုက်အား အင်တာနက် browser တစ်ခုတွင် ဖွင့်ပါ
၂) ဘယ်ဘက်ရှိ ဝင်ရောက်လိုသော နေရာများကို ပြသထားသည့် menu မှတစ်ဆင့် ‘Other Bank Transfer’ ကို ရွေးပါ
၃) ငွေလွှဲလက်ခံမည့်သူ၏ ဘဏ်ကိုရှာပြီး ၎င်း၏ အမည်၊ ဘဏ်အကောင့် အသေးစိတ်အချက်အလက်နှင့် ငွေလွှဲမည့် ပမာဏကို ရိုက်ထည့်ပါ
၄) ငွေလွှဲလုပ်ဆောင်ချက်အား ပြန်လည်စစ်ဆေးပြီး ငွေလွှဲလက်ခံမည့်သူ၏ အသေးစိတ်အချက်လက်များ မှန်ကန်ပါက “Submit” ကို နှိပ်၍ အတည်ပြုပါ
၅) SMS စာတိုမှတစ်ဆင့် ပေးပို့လိုက်သည့် တစ်ခါသုံးလျှို့ဝှက်နံပါတ် OTP အား ရိုက်ထည့်ပါ
၆) SMS စာတိုမှတစ်ဆင့် ပေးပို့လာမည့် ငွေလွှဲလုပ်ဆောင်ချက် အတည်ပြုခြင်းအား ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ

ကမ္ဘောဇဘဏ်၏ mBanking ဖြင့် ‘Other Bank Transfer’ လုပ်ဆောင်ချက် အသုံးပြုပုံ

၁) ကမ္ဘောဇဘဏ်၏ mBanking အက်ပလီကေးရှင်းအား ဖွင့်ပါ
၂) ပင်မစာမျက်နှာတွင် ‘Other Bank Transfer’ လုပ်ဆောင်ချက်အား ရွေးပါ
၃) ငွေလွှဲလက်ခံမည့်သူ၏ ဘဏ်ကိုရှာပြီး ၎င်း၏ အမည်၊ ဘဏ်အကောင့် အသေးစိတ်အချက်အလက်နှင့် ငွေလွှဲမည့် ပမာဏကို ရိုက်ထည့်ပါ
၄) ငွေလွှဲလုပ်ဆောင်ချက်အား ပြန်လည်စစ်ဆေးပြီး ငွေလွှဲလက်ခံမည့်သူ၏ အသေးစိတ်အချက်လက်များ မှန်ကန်ပါက “Submit” ကို နှိပ်၍ အတည်ပြုပါ
၅) အသုံးပြုသူ မှန်ကန်ကြောင်း အတည်ပြုရန်အတွက် mBanking PIN နံပါတ် ရိုက်ထည့်ပါ
၆) SMS စာတိုမှတစ်ဆင့် ပေးပို့လာမည့် ငွေလွှဲလုပ်ဆောင်ချက် အတည်ပြုခြင်းအား ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ

ကမ္ဘောဇဘဏ်၏ mBanking အက်ပလီကေးရှင်းအား Google Play Store နှင့် Apple App Store တွင် ဒေါင်းလုတ် ရယူနိုင်ပြီး iBanking ဝက်ဘ်ဆိုက်အား https://ibanking.kbzbank.com/ မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။ ကမ္ဘောဇဘဏ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် eBanking နှင့်ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိလိုပါက https://www.kbzbank.com/mm/i-banking-2/ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သည့်အပြင် ကမ္ဘောဇဘဏ်၏ Customer Service Department ဖုန်းနံပါတ် +၉၅၉၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

Source – KBZ Bank