Lenovo ဟာ လက်ရှိအချိန်မှာ Laptop တွေအပြင် စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ TWS Earbuds တွေကို မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

အဲ့ဒီအတွက် Lenovo ကနေ ထူးထူးခြားခြားအနေနဲ့ TWS Earbuds ကိုထည့်သွင်းထားတဲ့ Laptop အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒါက Laptop ထဲမှာ TWS Earbuds ပါဝင်ပြီးသား ပထမဆုံး Laptop ဖြစ်လာသလို Lenovo အတွက်လည်း ပထမဆုံး TWS Earbuds လို့ ပြောရမှာပါ။

အဆိုပါ Laptop ကိုတော့ ThinkBook 15 Gen 2 လို့ နာမည်ပေးထားပြီးတော့ Intel Processor နဲ့ရော၊ AMD Processor နဲ့ပါ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် TWS Earbuds ကတော့ Intel Model မှာပဲ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ TWS Earbuds တွေကို ယခင် CD Tray လိုမျိုးကနေ Laptop ဘေးကထုတ်ယူရမှာဖြစ်ပြီး Noise Cancellation နဲ့ Microphone တွေကို Mute လုပ်နိုင်တဲ့ Control တွေပါ ပါဝင်ဦးမှာဖြစ်ပါတယ်။ ပြန်လည်အားသွင်းဖို့ကလည်း Laptop ထဲကို ပြန်ထည့်သွင်းလိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Idea က အခုလိုမျိုး အိမ်မှာနေပြီး Laptop နဲ့ အလုပ်လုပ်နေရတဲ့သူတွေ၊ Video Conferencing ပြုလုပ်နေရတဲ့သူတွေအနေနဲ့ Earbuds သီးသန့်ချိတ်နေစရာမလိုတေ့ာတဲ့အတွက် အသုံးဝင်စေမှာပါ။

Lenovo ThinkBook 15 Gen 2 ဟာ 15.6″ Full HD 180-degree Hinge Display ပါဝင်မှာဖြစ်ပြီး Touch Screen Version ကိုလည်း ရွေးချယ်နိုင်မှာပါ။ Processor အနေနဲ့ Intel 10th Gen Processor သို့မဟုတ် AMD 4000 U Series တွေပါဝင်မှာဖြစ်ပြီး RAM နဲ့ Storage တွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Fingerprint Sensor ၊ Numpad ၊ USB-C PD Charging တွေပါ ပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ AMD Version ဟာ $549 (မြန်မာငွေ ၇ သိန်းကျော်) ကနေစတင်မှာဖြစ်ပြီး TWS Earbuds ပါဝင်တဲ့ Intel Version ကိုတော့ $569 (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China