အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ Gaming ကွန်ပျူတာတစ်လုံးရှိစရာမလိုအပ်ဘဲ High End PC ဂိမ်းတွေကို ဆော့ကစားနိုင်မယ့် Cloud Game Streaming Service တွေအများအပြားရှိလာပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ Cloud Game Streaming အတွက် Smart TV သို့မဟုတ် Laptop ကွန်ပျူတာတွေနဲ့ တွဲဖက်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Gaming Accessories တွေထုတ်လုပ်မှုပိုင်းမှာ နာမည်ကြီးတဲ့ Logitech ကနေ G Cloud Gaming Handheld ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ G Cloud Gaming Handheld ဟာ Cloud Game Streaming Service တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ လက်ကိုင်ဂိမ်းစက်တစ်ခုလို့ အလွယ်ပြောနိုင်ပါတယ်။

 

Logitech G Cloud Gaming Handheld အတွက် အဓိကအနေနဲ့ Xbox Cloud Gaming နဲ့ Nvidia GeForce Now တွေကိုပဲ ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Android OS ကို အသုံးပြုထားတဲ့အတွက် တခြားသော Game Streaming Service တွေဖြစ်တဲ့ Google Stadia နဲ့ Amazon Luna တွေကိုလည်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Android OS ကို အသုံးပြုထားပေမယ့် Logitech G Cloud Gaming Handheld ဟာ Performance ပိုင်းမှာ Qualcomm Snapdragon 720G Chipset ၊ RAM 4GB နဲ့ 64GB Storage ပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Android Gaming ပိုင်းမှာ အားနည်းမှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ 7″ FHD Display ပါဝင်မှာဖြစ်ပြီး 450nits Brightness ၊ Multi-touch Support နဲ့ 60Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ ၁၂ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် ၂ နာရီခွဲခန့်ပြန်လည်အားသွင်းရမယ်လို့ သိရပါတယ်။

Logitech G Cloud Gaming Handheld ဟာ Wi-Fi 5 ကိုပဲ ထောက်ပံ့ပေးထားမှာဖြစ်ပြီး SIM Card ကိုတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ Gaming Console တစ်ခုဖြစ်တာကြောင့် Left ၊ Right Analog Joystick ၊ Analog Trigger ၊ Bumper ၂ ခု၊ D-pad နဲ့ A/B/X/Y Buttons တွေပါဝင်မှာဖြစ်ပါတယ်။ Control တွေအားလုံးကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်သလို Haptics Feedback နဲ့ Gyroscope တွေကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Logitech G Cloud Gaming Handheld ဟာ $299 နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena