Microsoft ဟာ ပြီးခဲ့တဲ့ရက်တုန်းက Surface Duo ကို ဈေးနှုန်းနဲ့တစ်ကွ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီ Dual-screen device ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အားလပ်ရက်ကာလမှာ စတင်ရောင်းချဖို့ ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

အခုတော့ ကုမ္ပဏီဟာ Surface Duo ကို မျှော်မှန်းထားတာထက် စောပြီးတော့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Surface Duo ကို တရားဝင် ကြေညာပြီးနောက်တစ်ရက်အကြာမှာတော့ Android နဲ့ Security updates တွေကို သုံးနှစ်ကြာ ထောက်ပံ့ပေးသွားမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

Surface Duo ဟာ Microsoft ရဲ့ ပထမဦးဆုံးသော ကိုယ်တိုင်တီထွင်ထားတဲ့ Android Device လို့လည်း ပြောနိုင်ပါတယ်။ ဈေးကွက်ထဲမှာ ရှိနေကြတဲ့ မျက်နှာပြင်နှစ်ခြမ်းနဲ့ Device တွေကြားမှာ Surface Duo လည်း အပါအဝင်ဖြစ်လာပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 1,399 (၁၉ သိန်းစွန်းစွန်း) ကျသင့်မှာ ဖြစ်ပါတယ်။

Microsoft ကတော့ ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်စေဖို့အတွက် Android နဲ့ Security update တွေကို သုံးနှစ်ကြာ ထောက်ပံ့ရတာဆိုတဲ့အကြောင်းလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသုံးနှစ်အတွက်မှာ Update ကို အကြိမ်ရေဘယ်လောက် လုပ်သွားနိုင်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

လတ်တလောမှာတော့ Surface Duo ကို အမေရိကန်ဈေးကွက်ထဲမှာပဲ ကန့်သတ်ရောင်းချသွားဦးမှာဖြစ်ပြီး Pre-order လည်း လက်ခံနေတယ်ဆိုပေမယ့် ကုန်ပစ္စည်းကိုတော့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာမှတင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina