Emerge X ပြိုင်ပွဲသည် Microsoft ၏ Highway to a 100 Unicorns ၏ ခြေလှမ်းများထဲမှ တစ်ခုဖြစ်ပြီး အလားအလာကောင်းသော နည်းပညာသုံး လုပ်ငန်းသစ်များကို ပျိုးထောင်ရန်နှင့် အာရှပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးလာသော ဈေးကွက်များ၏ စီးပွားရေးဂေဟစနစ်ကို ကြီးထွားစေရန် ရည်ရွယ်သည်။

အာရှပစိဖိတ်ဒေသတွင် ဒေသတွင်းပြိုင်ပွဲများအဖြစ် ကျင်းပခဲ့သည့် Microsoft ၏ Emerge X Regional Pitching Competition ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် စင်္ကာပူနိုင်ငံတို့မှ စွန့်ဦးတီထွင် လုပ်ငန်းသစ် (၄)ခုက အနိုင်ရရှိခဲ့သည်။

(၁) ဗီယက်နမ်နိုင်ငံမှ Abivin: သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်လျှောက်မှ ပြဿနာများကို ဖြေရှင်းကာ ကဏ္ဍအသီးသီးအတွက် ဒေသတွင်း ကုန်ပို့ဆောင်ရေးလုပ်ငန်းများကို ချောမွေ့အောင် လုပ်ဆောင်ပေးနေသည့် AI(လူလုပ်အသိဉာဏ်)ကို အသုံးပြုထားသည့် ဝန်ဆောင်မှု ပလက်ဖောင်း

(၂) ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ Lifetrack Medical Systems: ဖွံ့ဖြိုးလာသည့် ဈေးကွက်များတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် ဆေးဖက်ဆိုင်ရာ ပုံရိပ်ဖော်ခြင်း နည်းပညာများကို ဆောင်ရွက်နိုင်မည့် Cloud ကို အခြေခံထားသည့် ဝန်ဆောင်မှု ပလက်ဖောင်း

(၃) သီရိလင်္ကာနိုင်ငံမှ Agrithmics: တောင်သူလယ်သမားများနှင့် အဝယ်ဒိုင်များကို ချိတ်ဆက်ပေးပြီး လယ်ယာတွင်းမှ စတင်၍ စက်ရုံနှင့် ထုတ်လုပ်ရေး လုပ်ငန်းများထိ ဒီဂျစ်တယ်နည်းပညာ အသွင်ပြောင်း Cloud အခြေခံ ဖြေရှင်းချက်များ ဖော်ဆောင်၍ စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်ပေးနေသည့် ဝန်ဆောင်မှု

(၄) စင်္ကာပူနိုင်ငံမှ Milky Way AI: လက်လီရောင်းချသူများအတွက် အရောင်းနှင့် ပစ္စည်းသိုလှောင်မှုကို စီမံခန့်ခွဲရာတွင် ရုပ်ပုံအတည်ပြုပေးသည့်နည်းပညာကို အသုံးချနိုင်စေမည့် AI စနစ်အသုံးပြု စမတ်ဝန်ဆောင်မှု

“ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းလဲရေးမှာ အာရှပစိဖိတ်ကို ရှေ့တန်းမှာ ရှိနေစေဖို့အတွက် အများနဲ့ မတူတဲ့ ထူးခြားဆန်းသစ်နိုင်သူတွေ၊ အတွေးသစ်တွေ၊ အနာဂတ်ကို အကောင်အထည်ဖော်နိုင်ကြသူတွေ လိုအပ်ပါတယ်။ ကမ္ဘာကြီး နဲ့ နည်းပညာဟာ အသုံးပြုနေတဲ့သူတွေ ရှိနေသ၍ တစ်ဦးချင်းစီရဲ့ မတူညီကွဲပြားမှုတွေအလိုက် အဆုံးမရှိတဲ့ အောင်မြင်မှုတွေကို ဖန်တီးရယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ အားလုံးအတူတကွ အောင်မြင်မှုတွေ ရယူနိုင်ဖို့ လိုအပ်တဲ့ အရာတွေနဲ့အတူ အခြားသူတွေကပါ နည်းပညာသစ်တွေ၊ အသစ်အသစ်သော ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်စေဖို့အတွက် နည်းပညာကို Microsoft က တည်ဆောက်နေတာပါ။ ဒီ Emerge X အစီအစဉ်နဲ့ Highway to a 100 Unicorns တို့ကနေတစ်ဆင့် ကျွန်မတို့တွေဟာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ဆန်းသစ်တီထွင်မှု လမ်းကြောင်းတွေပေါ် လျှောက်လှမ်းနိုင်ဖို့နဲ့ လုပ်ငန်း လိုအပ်ချက်တွေ ရှိလာတဲ့အခါ ဖြည့်ဆည်းပေးနိုင်ဖို့ စတာတွေအပြင် လုပ်ငန်းနဲ့ စီးပွားရေး ပိုပြီး ခိုင်ခန့်လာဖို့အတွက်ပါ ကူညီပေးနိုင်ဖို့ ကျွန်မတို့ ရည်ရွယ်ထားပါတယ်။” ဟု Microsoft မှ အာရှပစိဖိတ်ဒေသ၏ ဥက္ကဋ္ဌဖြစ်သူ Andrea Della Mattea က ပြောကြားခဲ့သည်။

“အာရှပစိဖိတ်ဒေသမှာ လုပ်ခဲ့တဲ့ Microsoft Emerge X Regional Pitching Competition ဒေသတွင်း ပြိုင်ပွဲတွေမှာ အိုင်ဒီယာ၊ အတွေးအခေါ် အသစ်အဆန်းတွေကို ထုတ်ဖော်ပြသခဲ့ကြတဲ့ အရှေ့တောင်အာရှက Emerge X စွန့်ဦးတီထွင် လုပ်ငန်းတွေအားလုံးအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။” ဟု Microsoft Asia Pacific, South East Asia New Markets မှ General Manager ဖြစ်သူ Hoon Cheah ကပြောကြားခဲ့သည်။ Emerge X သည် အလားအလာကောင်းသော နည်းပညာအသုံးချ စွန့်ဦးတီထွင် လုပ်ငန်းသစ်များနှင့် ချိတ်ဆက်၍ ၎င်းတို့အတွက် ဒေသတွင်း ပိုမို ထင်ရှားလာစေရေးနှင့် ၎င်းတို့၏ ရည်မှန်းချက်များကို ချဲ့ထွင်ရာတွင် အောင်မြင်မှု ရရှိနိုင်စေရန်အတွက် ရည်ရွယ်လျက်ရှိသည်။

“Microsoft ကနေကြီးမှူးပြုလုပ်တဲ့ The Highway to a 100 Unicorns ရဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့ Emerge X ဟာ ပြည်တွင်း စွန့်ဦးတီထွင် လုပ်ငန်းတွေရဲ့ စီးပွားရေးဂေဟစနစ်ကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံထဲက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ လူငယ်တွေအတွက် ပိုပြီး ဖန်တီးနိုင်စွမ်းကောင်းလာဖို့၊ သူမတူတဲ့ စီးပွားရေး ဗျူဟာတွေကို ချမှတ်နိုင်ဖို့ အင်အားဖြစ်စေမှာပါ။” ဟု Microsoft Myanmar ၏ Country Manager ဖြစ်သူ ကိုစိုးသူအောင်က ဆိုသည်။ ထို့ပြင် “သူတို့တွေရဲ့ အောင်မြင်လိုတဲ့ ဆန္ဒတွေ ဖြစ်မြောက်လာဖို့အတွက်နဲ့ တီထွင်ဖန်တီးမှု နယ်ပယ်ထဲက အလားအလာကောင်းတွေအတွက် အကောင်းဆုံး ပံ့ပိုးကူညီပေးမယ်ဆိုတဲ့ Microsoft ရဲ့ ကတိစကားဟာ သူတို့အတွက် စိတ်အားတက်ကြွစေတဲ့ အကြောင်းပြချက် တစ်ခုပါပဲ။ ကျွန်တော်တို့ Emerge X မှာ ပါဝင်ယှဉ်ပြိုင်သွားကြတဲ့ မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်း (၄)ခုဖြစ်တဲ့ Better HR, Expa.ai, Karzo Co., နဲ့ Village တို့အတွက်လည်း အင်မတန် ဂုဏ်ယူမိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို ပြသနိုင်ခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့တွေ အနိုင်မရခဲ့တာတောင်မှ ဒီပြိုင်ပွဲကနေ ရလိုက်တဲ့ အခြား အာရှပစိဖိတ်ဒေသတွင်းက စွန့်ဦးတီထွင် လုပ်ငန်းခွင်စနစ်တွေ ဘယ်လို ရှိကြတယ်ဆိုတာတွေကို လေ့လာခွင့်ရခဲ့တာက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတစ်ခုပါပဲ။ ဒီ အတွေ့အကြုံတွေကပဲ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်နိုင်ဖို့ တွန်းအားတစ်ခု၊ အင်အားတစ်ရပ် ဖြစ်လာစေမှာပါ။” ဟု ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လူသိများထင်ရှားသည့် နိုင်ငံတကာနည်းပညာကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများထံမှ နည်းပညာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဂျီဒီပီတိုးတက်မှု အမြင့်မားဆုံးဖြစ်သည့်အပြင် လူငယ်လူဦးရေများပြားကာ အင်တာနက်နှင့် နည်းပညာ အသုံးပြုမှုနှုန်း မြင့်မားသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ဤအချက်များသည် စွန့်ဦးတီထွင် လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အထောက်အကူ ဖြစ်နေသည့် ပတ်ဝန်းကျင်စနစ်တစ်ခုပင် ဖြစ်သည်။ နိုင်ငံတွင်း စွန့်ဦးတီထွင် လုပ်ငန်းသစ်များသည် အာရှပစိဖိတ် ဒေသတွင်း စီးပွားဖက်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက်မူ လိုအပ်ချက်များ ရှိနေသးသည်။ သို့သော်လည်း လူလတ်တန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ဆက်သွယ်ရေးနှင့် ငွေပေးချေမှု အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးလာကာ ကုမ္ပဏီတည်ထောင်သူ လူငယ်များလည်း အတွေ့အကြုံ ပိုမို ရရှိကာ နိုင်ငံသည်လည်း အရှိန်အဟုန်ဖြင့် အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်သည်။

အာရှပစိဖိတ်ဒေသတလွှား ဖွံ့ဖြိုးလာသော ဈေးကွက်များအတွင်း စွန့်ဦးတီထွင် စီးပွားရေးဂေဟစနစ် တိုးတက်လာစေရေး

Emerge X ပြိုင်ပွဲသည် အိန္ဒိယနိုင်ငံတွင် အောင်မြင်မှု ရရှိလာပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အာရှပစိဖိတ်ဒေသအတွင်း ဝင်ရောက်လာခဲ့သော Microsoft ၏ Highway to a 100 Unicorns အစီအစဉ်၏ ခြေလှမ်းတစ်ရပ်ဖြစ်သည်။ Microsoft သည် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ အစိုးရများ၊ စွန့်ဦးတီထွင် လုပ်ငန်းဂေဟစနစ်အတွင်း ထင်ရှားသည့် လုပ်ငန်းပေါင်း (၇၀)ကျော်နှင့် ပူးပေါင်း၍ အလားအလာကောင်းသည့် ပြိုင်ပွဲဝင်ပေါင်း (၃၀၀)ကျော်ကို ဖော်ထုတ် ဖိတ်ခေါ်နိုင်ခဲ့သည်။

ယခု Emerge X တွင်ပါဝင်ခဲ့သည့် (၁၆) နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ Better HR, Expa.ai, Karzo Co. နှင့် Village Link တို့ အပါအဝင် စွန့်ဦးတီထွင် လုပ်ငန်းပေါင်း (၇၉)ခုက Microsoft Emerge X ပြိုင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခံခဲ့ရသည်။ Emerge X တွင် ပါဝင်ခဲ့သော လုပ်ငန်းသစ်တစ်ခုအနေဖြင့် ၎င်းတို့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ရန်နှင့် အရည်အသွေး မြှင့်တင်နိုင်စေရန် ဖန်တီးထားသည့် Microsoft for Startups တစ်နှစ်တာ သင်ကြားရေးအစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် GitHub နှင့် Azure credits တို့ကိုလည်း ရရှိဦးမည်ဖြစ်ကာ (၃)ရက်တာ Founder Bootcamp တွင် ပါဝင်ခွင့် နှင့် Microsoft ၏ တစ်မူထူးခြားသည့် တစ်ခုတည်းသော co-sell အစီအစဉ်တွင် ကမ္ဘာတစ်လွှားရှိ လုပ်ငန်းစုကြီးများနှင့် တွေ့ဆုံခွင့် ရရှိမည်ဖြစ်သည့်အပြင် Microsoft ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့်လည်း တွေ့ဆုံနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ပေါင်း (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဒေသဆိုင်ရာ Emerge X Regional Pitching ပြိုင်ပွဲကို Philippine Startup Week 2020 တွင် ကျင်းပပြုလုပ်ခဲ့ပြီး Abivin, Lifetrack Medical Systems, Agrithmics နှင့် Milky Way AI တို့သည် ဒေသလုံးဆိုင်ရာ ထိပ်တန်းလုပ်ငန်းများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့ကို BOV Capital, Cradle, Monk’s Hill Ventures, Movac, M12, SBK Tech Ventures, Sequoia, Vista Consulting Group နှင့် 54i Ventures တို့၏ ရင်းနှီးမြှပ်နှံသူများအပြင် ဈေးကွက်ဦးဆောင် ရင်းနှီးမြှုပ်နှံသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းစနစ် ဦးဆောင်သူများ နှင့် GitHub နှင့် Target Accelerator တို့မှ စီးပွားရေးဂေဟစနစ်ဦးဆောင်သူများ ပါဝင်သော အကဲဖြတ်ဒိုင်အဖွဲ့မှ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

Singapore Week of Innovation & Technology 2020 တွင် ကျင်းပခဲ့သည့် Highway to a 100 Unicorns

Microsoft ၏ Highway to a 100 Unicorns Regional APAC အခမ်းအနားကို ဒီဇင်ဘာလ (၉) ရက်နေ့၊ နေ့ခင်း (၂) နာရီမှ ညနေ (၄) နာရီထိ ကျင်းပခဲ့သည့် Singapore Week of Innovation & Technology (SWITCH) 2020 တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် Microsoft မှ အကြီးအကဲများနှင့် မိတ်ဖက်များမှ အာရှပစိဖိတ်ဒေသတွင်း စတင်လုပ်ကိုင်နေသော လုပ်ငန်းများတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများကို စီမံခန့်ခွဲပုံနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပြီး ရွေးချယ်ခံရသည့် လုပ်ငန်း (၄)ခုကလည်း ၎င်းတို့၏ တည်ထောင်ခြင်း ခရီးစဉ်အကြောင်းများနှင့် ကဏ္ဍအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို နည်းပညာသုံးဖြေရှင်းခဲ့သည့်အကြောင်းများကိုလည်း မျှဝေသွားခဲ့ကြသည်။

SWITCH ကိုစီစဉ်ခဲ့သည့် စင်္ကာပူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ Peter Ong က “Microsoft က Highway to a 100 Unicorns Regional APAC အခမ်းအနားကို စင်္ကာပူမှာ ပြုလုပ်ဖို့ ရွေးချယ်ထားတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ Microsoft ရဲ့ သင်ကြားရေးအစီအစဉ်တွေနဲ့ ပြိုင်ပွဲဝင်ရွေးချယ်တာတွေကို SWTICH ပွဲမှာ ပြုလုပ်ခဲ့တာကနေပြီး ဒေသတွင်းက အကောင်းဆုံးသော အရည်အသွေးတွေ၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိပြီး ရည်မှန်းချက်ကြီးတဲ့ လုပ်ငန်းသစ်တွေ၊ မတူကွဲပြားတဲ့ ပြိုင်ပွဲဝင်တွေ နဲ့ ဆွေးနွေးဟောပြောသူတွေကြားက ပူးပေါင်းမှု စွမ်းအင်က ဘယ်လို ရလဒ်မျိုးတွေ ယူဆောင်လာပေးနိုင်တယ်ဆိုတာကို သိသိသာသာကို တွေ့မြင်ခဲ့ရပါတယ်။ ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းသစ်တွေ ဖွံ့ဖြိုးမှုအတွက် အစဉ်မပြတ် လှုံ့ဆော်ပေးနိုင်တဲ့ စီးပွားဂေဟဝန်းကျင်စနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် Microsoft နဲ့ ဆက်ပြီး လက်တွဲအားဖြည့် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုပြောကြားခဲ့သည်။

Source – Microsoft