Xiaomi ဟာ ဧပြီလမှာ MIUI 12 ကို ကြေညာပြီးနောက်မှာ ကုမ္ပဏီရဲ့ Device တွေအတွက် MIUI 12 Beta Build ကို စဉ်ဆက်မပြတ် ဖြန့်ချိပေးနေပါတယ်။ ဖုန်း ကင်မရာနဲ့ LED Flash ကို သုံးပြီး နှလုံးခုန်နှုန်းတိုင်းတာတာ၊ Screenshot မှာ Device Frame ထည့်တာ၊ Gallery App မှာ OCR သုံးတာ၊ Paper Reading Mode နဲ့ Sky Replacement Filter အသစ်တို့လို လုပ်ဆောင်ချက် အသစ်များစွာကို MIUI 12 မှာ မိတ်ဆက်ထားပါတယ်။ အခုလည်း MIUI Notes App မှာ ပုံဆွဲလို့ရအောင် ပြုလုပ်ပေးလိုက်ပါပြီ။

MIUI Notes App ဟာ Xiaomi ဖုန်းတွေမှာ ကြိုတင်ထည့်သွင်းပေးလေ့ရှိတဲ့ App တွေထဲက ၁ ခု ဖြစ်ပြီး မှတ်စုရေးတာ၊ ဈေးဝယ်စာရင်း မှတ်တာနဲ့ အသံမှတ်စုတွေ ထည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ အခုတော့ ပုံပါ ဆွဲလို့ရလာတဲ့အတွက် အသုံးပိုဝင်လာပါတယ်။

နောက်ဆုံးထုတ် Closed Beta Version မှာ ဒီလုပ်ဆောင်ချက် ပါလာတာဖြစ်ပြီး လက်ရှိ တရုတ်မှာပဲ ဖြန့်ချိပေးထားပါတယ်။ Xiaomi ဟာ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ဖုန်း ၁ လုံးမှ မထုတ်သေးတဲ့အတွက် လက်နဲ့ပဲ ပုံဆွဲရမှာပါ။ ဒါမှမဟုတ် Xiaomi ဟာ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ဖုန်း ၊ တက်ဘလက် ထုတ်ဖို့ အစီအစဉ်ရှိလို့ ဒီလုပ်ဆောင်ချက် ထည့်သွင်းပေးတာလည်း ဖြစ်နိုင်ပါတယ်။

MIUI Notes App မှာ လက်နဲ့သာမက တခြား ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် ဘောပင်တွေနဲ့ပါ ပုံဆွဲနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်မျိုးကို OPPO ColorOS နဲ့ Meizu Flyme တို့မှာလည်း ထည့်သွင်းပေးထားပါတယ်။

Ref : gizmochina