Vivo ရဲ့ S စီးရီးထဲက နောက်ဆုံးထုတ်ဖြစ်တဲ့ S7 ကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့်ရက်နီးလာပေမယ့် Vivo S7 ရဲ့အသေးစိတ်အချက်အလက်အပြည့်အစုံကို မသိရသေးဘဲ စောင့်ဆိုင်းနေကြရဆဲ ဖြစ်ပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီက Vivo S7 ရဲ့ Teaser ကို ထုတ်လွှတ်ခဲ့ပေမယ့် ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ မပါသလို၊ Render ပုံရိပ်တွေ ထွက်ခဲ့ပေမယ့်လည်း အရေးပါတဲ့ အစိတ်အပိုင်းအချို့အကြောင်းကို မဖော်ထုတ်နိုင်သေးဘဲ ဖြစ်နေခဲ့ပါတယ်။

အခုတော့ အရောင်းဆိုင်တစ်ခုကနေ ပေါက်ကြားလာတဲ့ လက်ကမ်းစာစောင်ကတစ်ဆင့် Vivo S7 ရဲ့ အစိတ်အပိုင်းအချို့အကြောင်း ထပ်ပြီးသိလိုက်ကြရပြီဖြစ်ပါတယ်။ လက်ကမ်းစာစောင်မှာဖော်ပြထားတာက S7 မှာ Dual selfie ကင်မရာ တပ်ဆင်ထားပြီး အဓိကဆင်ဆာဟာ 44MP ဖြစ်ကြောင်း တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

နောက်ကျောဘက်မှာတော့ X50 Pro နဲ့ ခပ်ဆင်ဆင်တူတဲ့ဒီဇိုင်းနဲ့ ကင်မရာဖွဲ့စည်းပုံရှိပြီး၊ အဓိကကင်မရာဟာ 64MP ဖြစ်ပါတယ်။ အရန်ကင်မရာနှစ်လုံးကတော့ အောက်ဘက်မှာရှိနေတာကို ကနဦးထွက်ပေါ်ပြီးသား Render ပုံတွေမှာလည်း တွေ့မြင်ပြီး ဖြစ်ပါလိမ့်မယ်။ Vivo S7 ဟာ Snpadragon 765G နဲ့ဖြစ်ပြီး ကုမ္ပဏီရဲ့ အပါးလွှာဆုံး 5G ဟန်းဆက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟန်းဆက်ရဲ့ အထူဟာ 7.39mm သာထူပါတယ်။

Ref: GSMArena