Motorola ဟာ အပြောင်းအလဲတစ်ခုကို ကြီးကြီးမားမား ပြုလုပ်ဖို့ ပြင်ဆင်ထားပုံရပါတယ်။ အခုမှ တတိယလပတ်ထဲကို ရောက်နေတုန်းဖြစ်ပေမယ့် ကုမ္ပဏီဟာ ဒီလထဲမှာပဲ စမတ်ဖုန်းသစ် သုံးမျိုးကြေညာခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် စမတ်ဖုန်းသစ်တစ်မျိုးကလည်း မကြာခင်ထွက်လာဦးမယ့် အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။

ဇူလိုင်လ ၂ ရက်နေ့တုန်းက Motorola One Fusion ကို ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ Moto G 5G Plus နဲ့ Motorola One Vision Plus တို့ကို ဆက်တိုက်ဆိုသလိုပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုပေါက်ကြားလာတဲ့သတင်းအရဆိုရင်တော့ ဒီလရဲ့ နှောင်းပိုင်းမှာ နောက်ထပ် Moto G ဖုန်းတစ်မျိုးကို ထပ်ပြီး တွေ့ရဦးမှာပါ။

Motorola G9 Plus ကို အွန်လိုင်းစတိုး တစ်ခုပေါ်မှာ တွေ့မြင်ရတာပါ။ ဒီဟန်းဆက်ရဲ့ ဈေးနှုန်းကို တွစ်တာပေါ်မှာ မျှဝေခဲ့တာကတော့ Sudhanshu Ambhore (@Sudhanshu1414) ဆိုတဲ့ အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ ဟန်းဆက်ရဲ့ ဈေးနှုန်းကတော့ €227.15 ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် ၃ သိန်းခွဲ ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။

အခြားအချက်အလက်တွေအဖြစ် Moto G9 Plus ဟာ 4GB of RAM နဲ့ 128GB Storage ပါရှိတာကို သိခဲ့ရပါတယ်။ Dual SIM လည်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ ScreenShot မှာ ဟန်းဆက်ရဲ့ Specs အပြည့်အစုံကို ဖော်ပြထားခြင်းမရှိသလို၊ ဟန်းဆက်ရဲ့ ပုံကိုလည်း ဖော်ပြထားခြင်းမရှိတာပါ။

Moto G8 Plus ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ မိတ်ဆက်ခဲ့တာကြောင့် အခုအချိန်ဟာ ဆက်ခံမယ့် မျိုးဆက်ဖြစ်တဲ့ Moto G9 Plus အကြောင်း ထွက်ပေါ်လာတယ်ဆိုတာ သိပ်ပြီးစောလွန်းတာတော့ မဟုတ်ပါဘူး။ အခြားမိသားစုဝင် Moto G9 တွေအကြောင်းလည်း မကြာခင်သတင်းထွက်လာဖွယ်ရှိတာကြောင့် ဆက်ပြီးစောင့်ကြည့်ဖို့တော့ လိုပါသေးတယ်။

Ref: Gizmochina