Moto X30 Pro ( နိုင်ငံတကာမှာ Moto Edge 30 Ultra နာမည်နဲ့ ကြေညာမှာပါ။) နဲ့ Foldable Moto Razr 2022 ကို တရုတ်မှာ ဩဂုတ်လ ၂ ရက်နေ့ မိတ်ဆက်တော့မှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ကုမ္ပဏီက ဝီဘိုမှာ Teaser ၁ ခုကို မျှဝေလိုက်ပြီး Moto X30 Pro ရဲ့ ဒီဇိုင်းကို တွေ့ရသလို အနက်ရောင်နဲ့ ထုတ်လုပ်ထားတာလည်း မြင်ရပါတယ်။

Moto X30 Pro ဟာ 200MP ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး 50MP , 12MP ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ Chen Jin က Moto X30 Pro ရဲ့ 200MP ကင်မရာနဲ့ ရိုက်ကူးထားတဲ့ နမူနာ ဓါတ်ပုံ ၁ ခုကို အရင်က မျှဝေခဲ့ဖူးပြီး 1/1.22-inch Sensor ပါလာမယ်လို့ အတည်ပြုထားပါတယ်။

Moto X30 Pro

Motorola Logo ကို အနောက်ဘက် ကွေးညွှတ် Panel မှာ တွေ့ရပြီး အနောက်ကင်မရာ ၃ လုံးနဲ့ LED Flash ကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်ထားပါတယ်။ ကွေးညွှတ် မျက်နှာပြင်ရဲ့ အထက် အလယ်မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး ဖုန်း ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေကို မြင်ရပါတယ်။

Moto X30 Pro မှာ ၆.၇၃ လက်မ Full HD+ AMOLED မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာမှာ ဖြစ်ပြီး 125W Charging ထောက်ပံ့ထားတဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။ Snapdragon 8+ Gen 1 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 256GB Storage , 12GB RAM နဲ့ Android 12 အခြေပြု MyUX ပါလာမှာပါ။

Moto X30 Pro အတွက် အနက်ရောင် ထုတ်လုပ်ထားမှာဖြစ်ပြီး ၈၉၉ ယူရိုဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : gizmochina