အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ Apple ရဲ့ဈေး(အနည်းငယ်)ချိုတဲ့ ဗားရှင်းကတော့ မြင်ရဖို့ သိပ်မလိုတော့ဘူး ထင်ရပါတယ်။ ဒီဖုန်းကို iPhone 9 လို့ခေါ်မှာဖြစ်ကြောင်း ရှေ့က သတင်းတွေထွက်ခဲ့ပေမယ့် ယခု 9to5Mac ကနေ ထွက်လာတဲ့သတင်းအရတော့ သူ့ကို iPhone SE အမည်နဲ့ပဲ မားကက်တင်းလုပ်ဖို့ ပြင်ဆင်ထားကြောင်းနဲ့ iPhone SE 2020 မော်ဒယ်လို့ ခေါ်ဆိုမယ်လို့ ဆိုလာပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ်က ပထမဆုံးထွက်ခဲ့တဲ့ iPhone SE ပထမမျိုးဆက်ကို တိုက်ရိုက်ဆက်ခံလာတာဖြစ်ပြီး Apple ရဲ့ ရိုးရှင်းတဲ့ ထုတ်ကုန်အမည်ပေးစနစ်ကိုလည်း ပေါ်လွင်စေပါတယ်။ ဒါ့အပြင် Apple ရဲ့ တရားဝင်အွန်လိုင်းစတိုးမှာလည်း iPhone SE အမည်နဲ့ Screen Protector အသစ်တစ်ခုကို မြင်လာရတာကြောင့် ဒီနာမည်ကို ထောက်ခံလာရုံမက မကြာခင် ထွက်လာမယ့်သဘောလည်း ရှိနေတာပါ။ ဒီ Protector ဟာ iPhone 7 နဲ့ 8 မော်ဒယ်တွေမှာလည်း ကိုက်ညီတယ်လို့ ဆိုလာတဲ့အတွက် iPhone SE အသစ်မှာ 4.7” လက်မ Display ပါလာဖို့များနေပါတယ်။

နောက်ထပ်သတင်းကတော့ iPhone SE အသစ်ဟာ Storage မှာတော့ 256GB ထိ ပါလာနိုင်တယ်ဆိုတဲ့ သတင်းကောင်းပါ။ ဈေးချိုဗားရှင်းဆိုတဲ့အတွက် အစောပိုင်းမှာ 64GB သို့ 128GB လောက်ပဲ အများဆုံးပါလာမယ်လို့ ထင်ကြေးပေးထားခဲ့ကြတာပါ။

ဒါ့အပြင် သူ့မှာ Black, White နဲ့ Red ကာလာသုံးမျိုးနဲ့ ထွက်လာမယ်လို့လည်း ဆိုထားပါတယ်။ တရားဝင် Apple Cases တွေမှာလည်း Black နဲ့ White ဆီလီကွန် Case တွေကို Red, Black နဲ့ Midnight Blue Leather Case တို့နဲ့အတူ ငါးမျိုးတွေ့ရှိထားရပါတယ်။

iPhone SE မှာ A13 Bionic ချစ်ပ်ဆက်နဲ့ထွက်လာမယ်လို့လည်း သတင်းထွက်ထားပြီး ဈေးနှုန်းက $399 (မြန်မာငွေ ငါးသိန်းခြောက်သောင်း) လို့ဆိုပါတယ်။ ဒါ့အပြင် Display ပိုကြီးတာလိုချင်ရင် 5.5” ဗားရှင်းလည်း ရရှိနိုင်မယ်လို့ ပြောနေကြပေမယ့် တိကျတဲ့သတင်းတော့ မရသေးပါဘူး။ Apple ဟာ မူလက iPhone SE 2020 ကို ဧပြီ ၁၅ ရက်လောက်မှာ မိတ်ဆက်မယ်လို့ ထင်ရပေမယ့် အခုတော့ ပိုစောစောမြင်လာရနိုင်ပါတယ်။

Ref – GSM Arena