Huawei ဟာ Mate 30 Pro ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းလောက်က မိတ်ဆက်ဖြန့်ချိခဲ့တာပါ။ ဒါကြောင့် Mate 30 Pro ရဲ့ သက်တမ်းဟာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၉ ရဲ့ ထိပ်တန်း Flagship တွေအကြောင်းပြောရင် ချန်ထားလို့မရတဲ့ Mate 30 Pro ဟာ ကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့လည်း အရည်အသွေးကောင်းကို မှတ်ကျောက်တင်ခံခဲ့တာ ဖြစ်ပါတယ်။

Huawei ဟာ Mate 30 Pro ကို စတင်မိတ်ဆက်ပြီး တစ်နှစ်ပြည့်လုနီးအချိန်မှာ နောက်ထပ် မျိုးကွဲသစ်တစ်ခုကို ဖြန့်ချိဖို့ ပြင်ဆင်နေတဲ့ အထောက်အထားတွေ မြင်တွေ့လာရပြန်ပါတယ်။ အဲဒါကတော့ TENAA မှာ Mate 30 Pro ရဲ့ မျိုးကွဲသစ်တစ်ခုကို မော်ဒယ်နံပါတ် LIO-AN00m နဲ့အတူ တွေ့မြင်ကြရတာပဲ ဖြစ်ပါတယ်။

TENAA မှာတွေ့မြင်ရတဲ့ ဟန်းဆက်ဟာ မူလ Mate 30 Pro နဲ့ တူညီတဲ့အရွယ်အစားအဖြစ် 158.1 x 73.1 x 8.8 mm နဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ပုံမှန် Mate 30 Pro လို 6.53-inch OLED display နဲ့ဖြစ်ပြီး FHD+ resolution နဲ့လည်း ဖြစ်ပါတယ်။ Chipset ကတော့ Kirin 990 ဖြစ်ပြီး 6/8/12GB of RAM နဲ့ 128/256/512GB storage အမျိုးအစားတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကင်မရာပိုင်းမှာတော့ Mate 30 Pro အသစ်ဟာ 16MP selfie ကင်မရာကိုသုံးထားတဲ့အတွက် မူလ Mate 30 Pro ထက် အဆင့်နိမ့်သွားတာလည်း ဖြစ်ပါတယ်။ ကျောဘက်မှာလည်း အဓိကကင်မရာဟာ 30MP အဖြစ် အဆင့်နိမ့်သွားပါတယ်။ အဓိကကင်မရာနဲ့ တွဲဖက်ပေးထားတဲ့ကင်မရာအရေအတွက်ကတော့ သုံးလုံးချင်းတူပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

Mate 30 Pro ဗားရှင်းသစ်ရဲ့ ဘက်ထရီကတော့ 4,400mAh ပမာဏဖြစ်တာကိုသိရပြီး ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိ သိရခြင်းမရှိသေးတဲ့အတွက် ဆက်ပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena