အခုနောက်ပိုင်း စမတ်ဖုန်းတွေအတော်များများမှာ Wireless Charging Feature ကို ထည့်သွင်းလာကြသလို တခြားသော Wireless Earbuds ၊ Smartwatch တွေကို ပြန်လည်အားသွင်းနိုင်တဲ့ Reverse Wireless Charging Feature ကိုပါ ထည့်သွင်းလာကြပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ အဆိုပါ Reverse Wireless Charging Feature ကို Flagship ဖုန်းတွေမှာပဲ တွေ့ရှိရနေတုန်းပဲဖြစ်ပါတယ်။

အခုလိုမျိုး Flagship ဖုန်းတွေမှာပဲ Wireless Charging ပါဝင်တာကလည်း Charging Coil တွေသီးသန့်ထည့်သွင်းနေရတဲ့အပြင် Fast Charging အတွက်ပါ Support ပြုလုပ်နိုင်အောင် ယှဥ်ပြိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် NFC Forum ကနေ သတ်မှတ်လိုက်တဲ့ Standard အသစ်တစ်ခုအရ Wireless Charging Coil တွေရှိနေစရာမလိုအပ်ဘဲ Reverse Wireless Charging Feature ကို အသုံးပြုနိုင်တော့မှာပါ။

ဒါကတော့ လက်ရှိ Flagship ၊ Mid Range နဲ့ Budget ဖုန်းအချို့မှာပါ ပါဝင်တဲ့ NFC Chip ကနေ တစ်ဆင့် ပြန်လည်ပြီးတော့ Reverse Wireless Charging အနေနဲ့ အားသွင်းပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Maximum Power Output အနေနဲ့ 1W ပဲရှိမှာဖြစ်တဲ့အတွက် တခြားဖုန်းကို အားသွင်းဖို့ထက် Wearable Device တွေ၊ IoT Device တွေကိုပဲ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။

NFC Forum ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Reverse Wireless Charging အတွက် 13.56MHz Base Frequency ကို အသုံးပြုမှာဖြစ်ပြီး Static နဲ့ Negotiated Mode ဆိုပြီး Charging Mode ၂ မျိုးကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ အခုလိုမျိုး NFC ကနေတစ်ဆင့်ပြန်လည်ပြီး Reverse Wireless Charging ကို အသုံးပြုနိုင်ဖို့လိုအပ်တဲ့ Hardware တွေကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ လက်ရှိစမတ်ဖုန်းတွေမှာပါဝင်တဲ့ NFC Chip တွေနဲ့အသုံးပြုနိုင်မှာမဟုတ်ဘဲ နောက်ပိုင်းအသစ်ထွက်ရှိလာမယ့် NFC Chip တွေမှာပဲ ယခုလို Reverse Wireless Charging Feature ကို Support ပြုလုပ်လာနိုင်ပါတယ်။

Ref – XDA-Developers