Under-display Camera နည်းပညာဟာ အခုဆိုရင် အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ပထမဆုံးမိတ်ဆက်ခဲ့တဲ့ ZTE လိုမျိုး ကုမ္ပဏီဆိုရင် စတုတ္ထမြောက်မျိုးဆက်အထိကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ZTE အပြင် Samsung ကလည်း လက်ရှိနောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy Z Fold5 မှာပါ Under-display Camera ကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း Apple ကနေ iPhone တွေမှာ Under-display Camera ကို ထည့်သွင်းနိုင်ဖို့အတွက် စမ်းသပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အနာဂါတ်မှာ ဖုန်းတိုင်းနီးပါး Under-display Camera ကို အသုံးပြုလာနိုင်ပါတယ်။ အခုလည်း Apple အပြင် Google ကပါ Under-display Camera တွေကို စမ်းသပ်နေကြောင်းကို သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။

အခုထွက်ပေါ်လာတဲ့သတင်းက Google ကနေ European Patent Office မှာ Front Facing Selfie Camera အတွက် Under-display Camera နည်းပညာကို မူပိုင်ခွင့်လျှောက်ထားလိုက်တာပဲဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်မှာ ထူးခြားတဲ့အချက်တစ်ခုက Display အောက်မှာ Camera ကို တစ်လုံးတည်းမဟုတ်ဘဲ ၂ လုံးအထက်အထိ ထည့်သွင်းနိုင်ဖို့ မူပိုင်ခွင့်ရယူထားခဲ့တာဖြစ်ပါတယ်။

Google ဟာ ယခင် Pixel 3 Series ဖုန်းတွေမှာ Selfie Camera အတွက် ပုံမှန် Wide Camera အပြင် Ultrawide Camera ကိုပါ ၂ လုံးထည့်သွင်းထားခဲ့ဖူးတာကြောင့် နောက်ပိုင်းမှာ Dual Selfie Camera ကို Under-display Camera အနေနဲ့ Pixel ဖုန်းတွေမှာ ထည့်သွင်းလာနိုင်ပါတယ်။

Ref – Gizmo China