မျက်နှာပြင်ဘေးဘောင်ပျောက် စမတ်ဖုန်းတွေ ဖန်တီးလာကြတဲ့အတွက် Waterdrop Notch , Pop-up ကင်မရာနဲ့ Punch Hole တွေကို သုံးလာကြပါတယ်။ ဘောင်ပျောက် ဖုန်းတွေရဲ့ အဓိက ပြဿနာက အရှေ့ကင်မရာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေပြီးနောက်မှာ ဖုန်း ကုမ္ပဏီတွေဟာ မျက်နှာပြင်အောက် ကင်မရာ နည်းပညာဖက်ကို ခြေဦးလှည့်လာပါတယ်။

OPPO , Xiaomi , Huawei နဲ့ Samsung တို့က အဲဒီနည်းပညာကို ဖန်တီးနေကြပြီး ဘယ် ကုမ္ပဏီက အစောဆုံး ရောင်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အခုတော့ HMD Global က Nokia 9.3 PureView မှာ အဲဒီ နည်းပညာ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

Nokia 9.3 PureView ဟာ အဲဒီနည်းပညာ သုံးထားတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံးဖြစ်လာမယ်လို့ ဒီနှစ် အစောပိုင်းက သတင်းထွက်လာပြီး မကြာသေးခင်က အဲဒီ စွမ်းရည်မြင့် ဖုန်းကို ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ မျက်နှာပြင်အောက် ကင်မရာ ပါလာမယ်ဆိုတဲ့ သတင်းထပ်ထွက်လာပါတယ်။ PureDisplay V3 နည်းပညာနဲ့ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။

HMD Global ဟာ မျက်နှာပြင်အောက် ကင်မရာ နည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်ပြီလို့ သတင်းထွက်လာပြီး Nokia 9.3 PureView မှာ ထည့်သွင်းထားမှာပါ။ အဲဒီဖုန်းမှာ 108MP နဲ့ 64MP နဲ့အတူ ကင်မရာ ၅ လုံး ပါလာနိုင်ပြီး 48MP ဆဲလ်ဖီး ကင်မရာ ဖြစ်နိုင်ပါတယ်။ Nokia ရဲ့ မျက်နှာပြင်အောက် ကင်မရာ နည်းပညာဟာ အရည်အသွေး ဘယ်လောက် ကောင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref ; gizchina