Robotic startup firm ဖြစ်တဲ့ Nuro ကတော့ အခကြေးငွေနဲ့ဝန်ဆောင်ပေးမယ့် Autonomous Vehicle တွေကို စတင်ဖို့ တရားဝင်ခွင့်ပြုချက်ရပြီလို့ သိရပါတယ်။ ဒီအကြောင်းကို ကယ်လီဖိုးနီးယား မော်တော်ယာဉ်ဌာန (DMV) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Nuro ကို ခွင့်ပြုချက်ပေးခဲ့ခြင်းဟာ ကယ်လီဖိုးနီးယားအတွက် Autonomous vehicles ဆင့်ကဲတိုးတက်ပြောင်းလဲမှု အထင်ကရမှတ်တိုင်တစ်ခုဖြစ်လာကြောင်း DMV ရဲ့ ဒါရိုက်တာ Steve Gordon က အတည်ပြုပေးခဲ့ပါတယ်။ Nuro တွေဟာ အစားအစာနဲ့ဆေးဝါးတွေ၊ အစားအသောက်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ကုမ္ပဏီရုံးချုပ်အနီးဒေသနှစ်ခုမှာ စတင်ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

ဆန်ဖရန်စ္စကိုနဲ့ ဆီလီကွန်တောင်ကြားလမ်းတွေဟာ နှစ်ပေါင်းအတော်ကြာ Self-driving ယာဉ်တွေရဲ့ စမ်းသပ်မောင်းနှင်ရာလမ်းတွေအဖြစ် ရှိခဲ့တာပါ။ ယာယီခွင့်ပြုချက်တွေနဲ့သာ မောင်းနှင်နေကြတယ်ဆိုပေမယ့် ဒီလိုစမ်းသပ်မောင်းနှင်ခြင်းတွေဟာ တစ်ဟုတ်ထိုး တိုးတက်လာတာကိုလည်း မြင်တွေ့နေရပါတယ်။ အခုတော့ Nuro ဟာ ပေးချေစနစ်နဲ့ တရားဝင်မောင်းနှင်တဲ့ Self-driving ဖြစ်တာကြောင့် ဒီလမ်းတွေရဲ့ သမိုင်းသစ်တစ်ခုလည်း ဖြစ်လာရပါတယ်။

Nuro ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက သူ့ရဲ့ Self-driving ယာဉ်တွေကို စမ်းသပ်မောင်းနှင်ခွင့်ရခဲ့တယ်ဆိုပေမယ့် လမ်းအသုံးပြုသူတွေလုံခြုံစေဖို့ ယာဉ်မောင်းတွေက အထဲမှာလိုက်ထိုင်ပြီးမှ စမ်းသပ်မောင်းနှင်ခွင့်ရခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာတော့ လုံခြုံရေးယာဉ်မောင်း လိုက်ပါစရာမလိုဘဲ ယာဉ်ချည်းပဲသီးသန့် စမ်းသပ်မောင်းနှင်ခွင့်ကို ရရှိခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာကတည်းက Nuro ဟာ သူတို့ရဲ့အော်ပရေးရှင်းကို ဒေါ်လာသန်း ၅၀၀ အသုံးပြုပြီး တိုးမြှင့်ခဲ့ပါတယ်။ Fully autonomous mode အဖြစ် အဆင့်မြှင့်တင်ထားတဲ့ Prius vehicle တွေနဲ့ ချောကုန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Fully autonomous R2 vehicle တွေဟာ၊ စတီယာရင်လက်ကိုင်ဘီးမပါသလို၊ ယာဉ်မောင်းထိုင်ခုံလည်း မပါရှိတော့ပါဘူး။

R2 ဟာ တစ်နာရီကို ၅၆ ကီလိုမီတာမြန်နှုန်းအထိ မောင်းနှင်နိုင်တဲ့ လေးပေအရွယ်အစားကားလေးဖြစ်ပါတယ်။ အများပြည်သူသုံးလမ်းပေါ်မှာ ဉာဏ်ရည်အပြည့်အဝနဲ့ လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ဖို့အတွက် Thermal imaging, radar နဲ့ 360-degree camera တွေကို အသုံးပြုခဲ့ပါတယ်။

အခုတော့ ဒီချောကုန်သယ်ယူပို့ဆောင်ရေးစက်ရုပ်ကားတွေရဲ့ ဝန်ဆောင်မှုကို ကယ်လီဖိုးနီးယားသားတွေအနေနဲ့ မြန်မြန်ဆန်ဆန်ပဲ ထိတွေ့အသုံးပြုနိုင်ကြတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ ဒီလုပ်ငန်းကို စီးပွားဖြစ်စတင်လည်ပတ်တော့မှာလည်း ဖြစ်ပါတယ်။

Ref: Gizmochina