OnePlus က Flagship Killer ဖုန်း ဖြစ်တဲ့ 8T ကို တရုတ်မှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ဝက်ဝက်ကွဲအောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ၁ မိနစ်အတွင်း ယွမ် သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့တဲ့အတွက် မြန်မာငွေ သန်း ၁၉,၀၀၀ ကျော်လောက်နဲ့ ညီမျှပါတယ်။ ၁၀ မိနစ်အတွင်းမှာ ယွမ် သန်း ၂၀၀ ဖြစ်သွားပါတယ်။ ကုမ္ပဏီက ရောင်းချရတဲ့ အလုံးရေကို မပြောသေးပါဘူး။ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 12/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၆ သိန်းခွဲနဲ့ ၇ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဈေးနဲ့တွက်ကြည့်ရင် ၁ မိနစ်အတွင်း အလုံးရေ ၂၈,၀၀၀ နဲ့ ၃၀,၀၀၀ အတွင်း ရောင်းချရနိုင်ပြီး ၁၀ မိနစ်အတွင်းမှာ ၆၀,၀၀၀ ကျော်သွားနိုင်ပါတယ်။

OnePlus 8T ဟာ မိခင်နိုင်ငံမှာ အောင်ပွဲခံနေတဲ့ အကြောင်းကို ကုမ္ပဏီက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။ OnePlus 8T ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ OnePlus ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး ပြိုင်ဖက်တွေထက် ဈေးချိုတဲ့အတွက် Flagship Killer လို့ ညွှန်းဆိုရမှာပါ။ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 865 SoC လို အလန်းစား Specs တွေ ပါလာပါတယ်။ 8GB or 12GB RAM နဲ့ 128GB or 256GB Storage တွေ ထည့်သွင်းထားပါတယ်။

၆.၅၅ လက်မ FHD+ Fluid AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ကြောင့် ဂိမ်း ကစားရင် အရမ်း မိုက်မှာပါ။ အနောက်ဘက်မှာ 48MP , 16MP Ultrawide , 5MP Macro နဲ့ 2MP Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Android 10 အခြေပြု OxygenOS 11 မောင်းနှင်ထားပြီး Aquamarine Green နဲ့ Lunar Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။

4,500mAh ဘက်ထရီနဲ့ Warp Charge 65W Charging က ၃၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ OnePlus 8T အောင်ပွဲခံ မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina