OnePlus 11 ဖုန်းကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ စျေးနှုန်းအနေနဲ့ 3,999 Yuan (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပြီး လက်ရှိအချိန်မှာ Pre-order မှာယူသူများပြားနေတယ်လို့ သိရပါတယ်။

OnePlus China ရဲ့ President အဖြစ်တာဝန်ယူထားတဲ့ Li Jie ကတော့ OnePlus 11 ဖုန်းဟာ စစခြင်း ရောင်းချတဲ့ ၂ နာရီအတွင်းမှာ OnePlus ကုမ္ပဏီအတွက် အမြန်ဆန်ဆုံးရောင်းချနိုင်တဲ့ Sale Record မှတ်ကျောက် တင်နိုင်ခဲ့တယ်လို့ Weibo စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

ယခုနှစ်မှာ ထူးခြားချက်အနေနဲ့ကတော့ OnePlus 11 ဖုန်းကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး OnePlus 11 Pro ကိုတော့ မိတ်ဆက်သွားခြင်းမရှိသေးတာဖြစ်ပါတယ်။ Global စျေးကွက်မှာလည်း OnePlus 11 ဖုန်းကိုပဲ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ India နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။

အခုလိုမျိုး OnePlus 11 Pro မိတ်ဆက်ဖို့ရှိမလားဆိုတဲ့မေးခွန်းအတွက် Li Jie ကနေ Weibo မှာမေးမြန်းတဲ့ Comment တစ်ခုကို ပြန်လည် Reply ပြုလုပ်ပြီး ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ OnePlus 11 Pro ဖုန်းဟာ ထွက်ရှိလာမှာမဟုတ်တော့ဘဲ အဲ့ဒီအစား OnePlus 11 ဖုန်းပဲ နေရာယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

OnePlus ဟာ ပြီးခဲ့တဲ့နှစ်တုန်းက OnePlus 10 ကို မိတ်ဆက်ခဲ့ခြင်းမရှိဘဲ OnePlus 10 Pro ဆိုပြီး တစ်မျိုးပဲ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ပြောင်းပြန်အနေနဲ့ Pro အစား သာမန် OnePlus 11 ကိုပဲ ရောင်းချသွားတော့မှာ သေချာသွားပါပြီ။

Ref – Gizmo China