OnePlus ဟာ Nord CE 2 Lite အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ ထင်ရပြီး Qualcomm Snapdragon 695 Chipset ထည့်သွင်းထားကာ 5G ဆက်သွယ်မှု ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Tipster ၁ ယောက်က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံအပြင် ကျန်ရှိတဲ့ Specification တချို့ကို မျှဝေလိုက်ပါတယ်။

Tipster က OnePlus Nord CE 2 Lite မှာ Nord CE 2 မှာလို Alert Slider မပါလာဘူးလို့ ပြောပါတယ်။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားမှာ ဖြစ်ပြီး ၆.၅၈ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းကောင်းပြီး ဂိမ်းကစားရင် မိုက်မှာပါ။

Tipster ပြောတဲ့ ကျန်တဲ့ Specification တွေက အရင် ပေါက်ကြားသတင်းတွေနဲ့ တူညီနေပြီး 64MP Main ကင်မရာကို 2MP ကင်မရာ ၂ လုံးနဲ့ တွဲဖက်ထားမှာ ဖြစ်ကာ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

OnePlus Nord CE 2 Lite မှာ Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားမှာ ဖြစ်ပြီး အရွယ်အစားကြီးမားတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းအရတော့ 4,500mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။

Ref : gsmarena