OnePlus Nord ကို ပြီးခဲ့တဲ့လက မိတ်ဆက်ဖြန့်ချိခဲ့တာပါ။ အရောင်နှစ်မျိုးနဲ့ရရှိနိုင်ပြီး တစ်မျိုးကတော့ တောက်ပစွဲမက်ဖွယ်ကောင်းတဲ့ Blue Marble အရောင်ဖြစ်ပါတယ်။ အခြားတစ်မျိုးကတော့ နက်မှောင်တဲ့ ဒီဇိုင်းမျိုးကို ကြိုက်နှစ်သက်သူတွေအတွက်ရည်ရွယ်တဲ့ Gray Onyx ဖြစ်ပါတယ်။

အခုထွက်လာတဲ့သတင်းအရ OnePluls Nord မှာ တတိယမြောက်အရောင်လည်း ရှိနေပြီး မကြာခင်လပိုင်းအတွင်း ဈေးကွက်ထဲကို ရောက်ရှိတော့မယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖော်ထုတ်လိုက်တာကတော့ Roland Quandt ဖြစ်ပြီး တွစ်တာပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ သူ့ရဲ့အဆိုအရ အရောင်သစ်ဟာ “Gray Ash” လို့ သိရပါတယ်။

OnePlus Nord ရဲ့ တတိယမြောက် အရောင်သစ်ဟာ “Gray Ash” လို့ဆိုတဲ့အတွက် မူလကထွက်ပြီးသား Blue Marble နဲ့ Gray Onyx ရဲ့ကြား မတောက်ပလွန်း၊ မနက်မှောင်လွန်းတဲ့ အရောင်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် OnePlus ဟာ အရောင်သစ်ကို လာမယ့် အောက်တိုဘာလ အစပိုင်းမှာ ကြေညာမယ်လို့လည်း Roland က ဆိုထားပါသေးတယ်။

OnePlus leaker ဖြစ်တဲ့ Max,J (@maxJmb) ကလည်း အရောင်သစ် ထွက်လာမယ်ဆိုတဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါသေးတယ်။ ဒီ Grey Ash အကြောင်းကို လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်တုန်းကလည်း OxygenOS ရဲ့ ကုဒ်ထဲမှာ တွေ့မြင်ခဲ့ကြရသေးတာဖြစ်ပါတယ်။ ဒါကြောင့် “Gray Ash” ဟာ အမှန်တကယ်ပဲ ရှိနေတယ်လို့ ရာနှုန်းပြည့်နီးပါး ယုံကြည်နိုင်ပါတယ်။

အခြားတစ်ဘက်မှာတော့ OnePlus ဟာ အရောင်မျိုးကွဲတင်မဟုတ်ဘဲ 6GB+64G ဗားရှင်းနဲ့ Nord ကိုလည်း ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ ဒီအမျိုးအစားကို လာမယ့်လအတွင်း အိန္ဒိယဈေးကွက်မှာပဲ သီးသန့်ဖြန့်ချိမယ်လို့လည်း သိရပါတယ်။

Ref: Phone Arena