OnePlus 8 ,  8 Pro နဲ့အတူ ကုမ္ပဏီက Warp Charge 30 Wireless Charger ကိုပါ ကြေညာခဲ့ပါတယ်။ OnePlus 8 Pro ကို ကြိုးမဲ့အားသွင်းပေးမယ့် ကိရိယာ ဖြစ်ပြီး OnePlus 8 မှာတော့ ကြိုးမဲ့အားသွင်း နည်းပညာ မပါပါဘူး။ အဲဒီ Wireless Charger ကို သီးခြား ရောင်းချပေးမှာ ဖြစ်ပြီး အမေရိကန်မှာ ၇၀ ဒေါ်လာနဲ့ ဥရောပမှာ ယူရို ၇၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်းဝန်းကျင်လောက် ရှိပါတယ်။

အခုတော့ အဲဒီ Charger ကို အိန္ဒိယမှာ ရောင်းမယ့် ဈေးကို သိလာရပါပြီ။ Ishan Agarwal က ရူပီး ၃,၉၉၀ နဲ့ ရောင်းမယ်လို့ သတင်းပေးလိုက်ပြီး မြန်မာငွေ ၇ သောင်း ၄ ထောင်လောက်ပဲရှိပါတယ်။ ကုမ္ပဏီက အိန္ဒိယ ရောင်းဈေးကို တရားဝင် မပြောသေးပေမယ့် ဒီဈေးဆိုရင် တော်တော်တန်ပါတယ်။

အဲဒီ Charger ကို Gsmarena က စမ်းသပ် အသုံးပြုခွင့်ရထားပြီး မိနစ် ၃၀ အားသွင်းရင် OnePlus 8 Pro ကို ၀ ကနေ ၅၁ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ သိရပါတယ်။ Charging Stand ထဲမှာ ပန်ကာ တပ်ဆင်ထားတဲ့အတွက် အပူချိန် မလွန်ကဲအောင် ကာကွယ်ပေးထားပြီး ပန်ကာက အသံဆူညံမှု နည်းပါးပါတယ်။

အဲဒီ Charger မှာ ပြဿနာအနည်းငယ်ရှိတယ်လို့ Gsmarena က ထောက်ပြပါတယ်။ အဲဒါက Charging Stand , Cable နဲ့ Wall Adapter တို့ဟာ တစ်ဆက်ထဲ ဖြစ်တဲ့အတွက် ဥပမာ အနေနဲ့ ကြိုး ပျက်ဆီးသွားလို့လဲမယ်ဆိုရင် ခက်ခဲမှာပါ။

Ref : gsmarena