OPPO ဟာ တောင်အာဖရိကဈေးကွက်ထဲကို စတင်ဝင်ရောက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ တကမ္ဘာလုံးဆိုင်ရာ ဌာနခွဲက တရားဝင်တွစ်တာအကောင့်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ လာမယ့်အောက်တိုဘာလ ၇ ရက်နေ့မှာ OPPO A72, OPPO A53s နဲ့ OPPO A15 စမတ်ဖုန်းတွေကို စတင်ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။

တွစ်တာမှာမျှဝေထားတဲ့ Teaser ဗီဒီယိုက ကုမ္ပဏီရဲ့ Logo နဲ့ Animation အချို့ကိုပဲ ဖော်ပြထားပြီး အခြားအချက်အလက်တွေ ပါဝင်တာကိုမတွေ့ရပါဘူး။ ဒါပေမယ့် တောင်အာဖရိကမှာရှိတဲ့ မီဒီယာအချို့ကတော့ OPPO A72 review unit တွေကို လက်ခံရရှိထားပြီလို့ ယူဆရပါတယ်။

ဒါ့အပြင် တောင်အာဖရိကရဲ့ Stuff အမည်နဲ့ထုတ်ဝေချက်အရ OPPO ဟာ ဒီဈေးကွက်မှာ Flagship တွေကိုအရင် မိတ်ဆက်သွားမှာမဟုတ်ဘဲ Mid-range ဖုန်း သုံးမျိုးကိုပဲ အရင်ဦးဆုံး မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ အကယ်၍ ဒီသတင်းတွေသာ မှန်ကန်တယ်ဆိုရင် လာမယ့်နှစ် ပထမသုံးလပတ်နဲ့ ဒုတိယသုံးလပတ်အတွင်းမှာ Flagship ဖုန်းတွေကို မိတ်ဆက်သွားဖွယ်ရှိပါတယ်။

သတင်းအရ OPPO A72 ကို တရုတ်ယွမ်ငွေ ၂၇၉၃ (၅ သိန်း ၃ သောင်းခွဲဝန်းကျင်) နဲ့ညီမျှတဲ့ ဒေသတွင်းငွေကြေးတန်ဖိုးသတ်မှတ်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။ ကျန်တဲ့နှစ်မျိုးဖြစ်တဲ့ OPPO A53s နဲ့ OPPO A15 တို့ရဲ့ ဈေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် A53s ဟာ မကြာသေးခင်က အိန္ဒိယဈေးကွက်မှာ ဖြန့်ချိခဲ့တဲ့ A53 ကို အမည်ပြောင်းထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

SA ဝက်ဘ်ဆိုက်မှာတွေ့ရတဲ့ Teaser တွေအရဆိုရင်လည်း A53s ရဲ့ ကျောပြင်မှာ A53 လိုပဲ ကင်မရာသုံးလုံးနဲ့ Fingerprint sensor တွေကို တူညီတဲ့နေရာမှာ ချထားတာကို တွေ့မြင်ရပါတယ်။ OPPO A15 ကတော့ Lower-midrange အမျိုးအစားဖြစ်ပြီး 6.5-inch HD+ မျက်နှာပြင်နဲ့ဖြစ်သလို ကျောဘက်မှာ ကင်မရာသုံးလုံး၊ 4,230mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။

Ref: Gizmochina