OPPO ကနေ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက OPPO F15 Series ဖုန်းတွေကို တရားဝင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် OPPO F17 Pro ကို မိတ်ဆက်လာတော့မှာပါ။

အခုသတင်းကိုတော့ OPPO India ရဲ့ Twitter စာမျက်နှာမှာ တရားဝင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ OPPO ရဲ့ ပြောကြားချက်အရတော့ F17 Pro ဖုန်းဟာ ၂၀၂၀ ခုနှစ်အတွက် INR 25,000 (မြန်မာငွေ ၄ သိန်း ၆ သောင်းဝန်းကျင်) အောက် ဖုန်းတွေထဲမှာ အပါးလွှာဆုံးဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပါတယ်။

ဒါကလည်း OPPO F17 Pro ဖုန်းဟာ အထူအနေနဲ့ 7.48mm ပဲရှိမှာဖြစ်သလို အလေးချိန်ကလည်း 164g ပဲ လေးတာကြောင့်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအများစုက Screen Size ပိုကြီးလာတဲ့အပြင် Battery Capacity ကိုလည်း များနိုင်သမျှများအောင်ထည့်သွင်းလာကြတဲ့အတွက် ဖုန်းရဲ့ အထူနဲ့ အလေးချိန်ကို ပိုတိုးလာစေပေမယ့်လည်း OPPO F17 Pro ကတော့ ကိုင်ရတာပိုပြီးအဆင်ပြေစေမယ့်ပုံစံပါပဲ။

OPPO F15 ဖုန်းမှာတုန်းကတော့ Quad Camera Setup ကို အသုံးပြုလာခဲ့တဲ့အတွက် ယခု F17 Pro မှာလည်း အနည်းဆုံး Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ တခြားသောစမတ်ဖုန်းတွေလိုမျိုး Camera Bump က ထွက်နေမှာမဟုတ်ပါဘူး။ Primary Sensor အနေနဲ့ကတော့ 48MP သို့မဟုတ် 64MP Sensor ကိုအသုံးပြုလာနိုင်ဖို့များနေပါတယ်။

OPPO ကတော့ F17 Pro ရဲ့ မိတ်ဆက်မယ့်အချိန်အပြင် တခြားသောအချက်အလက်တွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာကတော့ လက်ရှိ OPPO Reno4 ဖုန်းနဲ့ ဆင်တူမှုတွေများပြားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း F Series ဖုန်းတစ်လုံးဖြစ်တဲ့အတွက် စျေးနှုန်းပိုင်းအနေနဲ့ကတော့ ပိုပြီးသက်သာနိုင်ပါတယ်။

Ref – GSM Arena