သိပ်မဝေးလှတော့တဲ့အချိန်မှာ Under-display selfie camera တွေဟာ စမတ်ဖုန်းဈေးကွက်မှာ အဓိကရေစီးကြောင်းတစ်ခု ဖြစ်လာတော့မယ့် အရိပ်အယောင်တွေ ပြသနေပါပြီ။ နည်းပညာကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေရဲ့ ဆန္ဒက မျက်နှာပြင်ပေါ်မှာ ဘာမှမရှိနေသလို၊ Bezel တွေလည်း ပါးလျနေစေရေးဖြစ်ပါတယ်။

စင်းလုံးချောမျက်နှာပြင်လည်းဖြစ်ရမယ်၊ Bezel-less လည်းဖြစ်ရမယ်ဆိုရင် အနီးစပ်ဆုံးက Pop-up, Slide, flip စတဲ့ကင်မရာမျိုးကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ကျောဘက်ကင်မရာကိုပဲ ရွှေ့ပြောင်းပြီး Selfie ကင်မရာအဖြစ် အသုံးပြုတဲ့နည်းလမ်းကိုလည်း ရွေးချယ်နိုင်ပါတယ်။

OPPO ဟာ ကျောဘက်ကင်မရာကို ရွှေ့ပြောင်းနိုင်တဲ့ (တနည်းအားဖြင့် ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ဒီဇိုင်း) ဖန်တီးဖို့ ကြိုးစားနေကြောင်း 91Mobiles က ဖော်ပြခဲ့ပါတယ်။ 91Mobiles က ဖော်ပြခဲ့တဲ့ OPPO ရဲ့ ဒီဇိုင်းမူပိုင်ခွင့်စာရွက်စာတမ်းမှာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ကင်မရာ Module တစ်ခုအပြင် USB-C, Wi-Fi, Bluetooth စတာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ နည်းလမ်းမျိုးကို မြင်တွေ့ရပါတယ်။

ဒီဇိုင်းမူကြမ်းအရတော့ အသုံးပြုသူဟာ Selfie ရိုက်ကူးဖို့အတွက် ကင်မရာကို Device ရဲ့ အရှေ့ဘက်မှာ တပ်ဆင်ထားဖို့ လိုအပ်ပါမယ်။ ဒီလိုမျိုး ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ကင်မရာအရှင်ဟာ Lithium-ion ဘက်ထရီသီးသန့်တပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။ ထုံးစံအတိုင်းပြောရရင်တော့ ဒီဇိုင်းမူပိုင်ခွင့်တိုင်းဟာ လက်တွေ့အကောင်အထည်ပေါ်ချင်မှ ပေါ်လာတတ်တာပါ။

တကယ်တမ်းလက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင်လည်း ဖြေရှင်းရမယ့် ပြဿနာတွေအများကြီးကို ကျော်လွှားရဦးမှာပါ။ ဒီအယူအဆနဲ့ ခပ်ဆင်ဆင် Modular design ကို LG နဲ့ Motorola တို့လို ကုမ္ပဏီတွေလည်း ကြိုးစားခဲ့ဖူးပြီး အောင်မြင်ခြင်းတော့ မရှိခဲ့ပါဘူး။ Google ကလည်း စီးပွားဖြစ်မထုတ်လုပ်ခင်မှာပဲ ဒီအကြံအစည်ကို စွန့်လွှတ်ခဲ့ဖူးပါတယ်။ ဒါကြောင့် OPPO အနေနဲလည်း ဒီလိုဒီဇိုင်းပိုင်းကို အကောင်အထည်ဖော်ပြီး ဈေးကွက်ထဲယူဆောင်လာမလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena