Oppo ကုမ္ပဏီကနေ မူပိုင်ခွင့်တင်လာတဲ့ စမတ်ဖုန်းဒီဇိုင်းအသစ်တစ်ခုမှာ ထူးခြားတဲ့ Camera Module ယူနစ်တစ်ခု ပါလာပါတယ်။ သူ့ရဲ့ပုံစံက OnePlus 7T နဲ့တူညီပေမယ့် အတွင်းမှာ Sensor အရေအတွက် ထူးထူးခြားခြား ခုနစ်ခုတောင် ပါဝင်လာတာပါ။

ဒီဟန်းဆက်ဟာ Reno မိသားစုဝင်တစ်ယောက်ဖြစ်လာမယ်လို့ သတင်းရင်းမြစ်က ဆိုထားပါတယ်။ အဆိုပါ ဒီဇိုင်းမူပိုင်ခွင့်ကို တရုတ်ဉာဏပစ္စည်းအာဏာပိုင်အဖွဲ့ (CNIPA) ဆီကို လျှောက်တင်ထားပြီး နောက်ဘက်မှာ Sensor ၇ ခု ပါဝင်ပါတယ်။ ဒါပေမယ့် လျှောက်တင်ထားတဲ့အထဲမှာ မတူညီတဲ့ ဒီဇိုင်းနှစ်ခုပါဝင်ကာ ကျန်တဲ့တစ်ခုရဲ့ နောက်ဘက်ကင်မရာ အရည်အတွက်ကတော့ မတူပါဘူး။

နောက်ဘက်ကင်မရာ ၅ လုံးပါတဲ့ Nokia 9 PureView မှာလည်း များပြားတဲ့ Sensor တွေကို ဆင်တူတဲ့ ပုံစံနဲ့ပဲ စီစဉ်ထည့်သွင်းထားတာမို့ သူတို့ဟာ နည်းနည်းတော့ တူနေပါတယ်။ အလယ်တည့်တည့်က Sensor ဟာ အခြားကင်မရာတွေထက် အနည်းငယ်ပိုကြီးနေတာကြောင့် အဓိက Sensor ဖြစ်မယ်လို့ ယူဆရပါတယ်။

Oppo Reno မော်ဒယ်တွေမှာ နောက်ကျောဘက်ကို ချောမွေ့တဲ့ Seamless Panel စတိုင်လ်ကို သုံးစွဲလေ့ရှိပေမယ့် အခုပုံက စက်ဝိုင်းပုံ Camera Module ဟာ အနည်းငယ် ပိုထူနေတာကိုလည်း မြင်ရမှာပါ။ ဒါပေမယ့်လည်း Sensor ၇ ခုတောင် ထည့်ထားရလို့ဖြစ်နိုင်ပြီး ဒီလောက်များတဲ့ ကင်မရာတွေကို ထည့်သွင်းလာရင်တော့ Flagship ဖြစ်ဖို့လည်း သေချာပါတယ်။

လက်ရှိအချိန်မှာ အဆိုပါဟန်းဆက်ရဲ့ အမည်နဲ့ Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် ဒီပုံဟာ Oppo ရဲ့ နောက်ထွက်လာမယ့် မျိုးဆက်အပေါ် စိတ်ဝင်စားမှုကို မြှင့်တင်ပေးတာတော့ အမှန်ပါပဲ။

Ref – Gizmo China