Oppo ဟာ လက်ရှိ Reno3 စီးရီးအတွက် အဖွဲ့ဝင်အသစ် Reno3 Vitality အမည်ရ ဟန်းဆက်ကို ယနေ့မှာ မိတ်ဆက်လာခဲ့ပြီး jd.com နဲ့ opposhop.cn တို့လို တရုတ်ပြည်တွင်း အွန်လိုင်းပလက်ဖောင်းတွေမှာ ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပါတယ်။

သတင်းကြိုထွက်ထားသလိုပဲ Vitality Edition ဟာ ပုံမှန် Reno3 ဟန်းဆက်နဲ့ အတွင်းပိုင်းအစိတ်အပိုင်းအချို့ ပြောင်းလဲထားသလို ကာလာအသစ်တွေလည်းပါဝင်လာခဲ့ပါတယ်။ အဓိကပြောင်းလဲမှုတစ်ခုကတော့ MediaTek MT6885Z Dimensity 1000L အစား Snapdragon 765 ချစ်ပ်ဆက်ကို အသုံးပြုလာတာပါပဲ။ ဒါဟာ အနည်းငယ်ပိုမြန်လာစေတာမို့ Reno3 Vitality ကို Reno3 Pro နဲ့ပိုပြီးနီးစပ်လာစေပါတယ်။

Pro မှာ နည်းပညာပိုင်းအရ ပိုကောင်းတဲ့ 765G ချစ်ပ်ဆက်ကို အသုံးပြုထားပေမယ့် ချုံကြည့်ရင်တော့ စွမ်းဆောင်ရည်မှာ အရမ်းကြီးကွာခြားလှမှာမဟုတ်ပါဘူး။ Mid-range ချစ်ပ်နှစ်ခုရဲ့ 5G ရရှိနိုင်ခြင်း ကွာခြားချက်နဲ့ ပိုဆိုင်မယ်လို့ ယူဆရပါတယ်။

နောက်ထပ်အကြီးစားပြောင်းလဲမှုကတော့ Vitality Edition ကို ပုံမှန်ဗားရှင်းထက် အနည်းငယ်ပိုနိမ့်တယ်လို့ ထင်မြင်စရာဖြစ်စေကာ Reno3 မှာပါဝင်တဲ့ 64MP အဓိက ကင်မရာအစား 48MP ကို အသုံးပြုလာတာပါ။ Reno3 ရဲ့ Memory အမြင့်ဆုံးရွေးချယ်စရာတွေကိုလည်း လျစ်လျူရှုပြီး 8GB RAM / 128GB Storage ဗားရှင်းနဲ့သာ ထွက်ရှိလာပါတယ်။

ဒီပြောင်းလဲမှုတွေကြောင့်တော့ Vitality Edition ဟာ မတူညီတဲ့ ဈေးကွက်တွေကို ဝင်ရောက်လာဖို့ ထပ်ထုတ်ထားတယ်လို့ ယူဆစရာဖြစ်ပါတယ်။ နောက်ဆုံးပြောင်းလဲမှုကတော့ Vitality Edition ဟာ ကာလာအသစ်သုံးမျိုး – Moonlight Black, Sky Mirror White နဲ့ Streamer Gold တို့နဲ့ ထွက်ရှိလာမှာပါပဲ။

ပြောင်းလဲမှုတွေနဲ့ ကာလာတွေကို ဖယ်လိုက်ရင်တော့ Vitality ဟာ Reno3 နဲ့ အတူတူပါပဲ။ သူ့မှာ 6.4” လက်မ Super AMOLED Display နဲ့အတူ 32MP ဆဲလ်ဖီအတွက် တူညီတဲ့ Teardrop Notch လေးပဲ ဆက်ပါဝင်လာတယ်။ 4,025mAh ဘက္ထရီမှာ 30W Fast Charging ပါဝင်လာမှာဖြစ်ပါတယ်။

Oppo Reno3 Vitality အတွက် အပေါ်မှာဖော်ပြခဲ့တဲ့ ဆိုက်တွေမှာ အမှာစာလက်ခံနေပြီဖြစ်ပြီး တန်ဖိုးကတော့ တရုတ်ယွမ်ငွေ ၂,၉၉၉ (မြန်မာငွေ ခြောက်သိန်းနှစ်သောင်းခန့်) သတ်မှတ်ထားပါတယ်။

Ref – GSM Arena